ရန်ကုန်တိုင်းဒေသကြီးအတွင်း မြန်မာ့ဆက်သွယ်ရေးတိုင်များ၌ ခွင့်ပြုချက်မရှိဘဲ တရားမဝင် သွယ်တန်းထားသည့် Fiber Cable များ ဇူလိုင် ၂ ရက်တွင် ဖယ်ရှားမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြန်မာ့ဆက်သွယ်ရေးတိုင်များ၌ ခွင့်ပြုချက်မရှိဘဲ တရားမဝင် သွယ်တန်းထားသည့် Fiber Cable များ ဇူလိုင် ၂ ရက်တွင် ဖယ်ရှားမည်
Published 24 June 2018

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းပိုင် ဆက်သွယ်ရေး တာဝါတိုင်များတွင် ခွင့်ပြုချက်မရှိဘဲ တရားမဝင် သွယ်တန်းထားသည့် Fiber Cable များကို ဇူလိုင်၂ ရက်တွင် ဖယ်ရှားမည်ဖြစ်ပြီး သက်ဆိုင်ရာ ကုမ္ပဏီများအား တည်ဆဲဥပဒေ၊ နည်းဥပဒေနှင့်အညီ အရေးယူမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဇွန် ၂၄ ရက်တွင် ကြေးမုံသတင်းစာတွင် အသိပေး ကြေညာထားချက်အရ  သိရသည်။

အဆိုပါ ကြေညာချက်တွင် ရန်ကုန်မြို့တော်အတွင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းပိုင် ဆက်သွယ်ရေး တာဝါတိုင်များတွင် ခွင့်ပြုချက်မရှိဘဲ Fiber Cable များ တရားမဝင် သွယ်တန်းထားသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ထိုသို့ တရားမဝင် သွယ်တန်းထားသော Fiber Cable များနှင့်ပတ်သက်၍ လာရောက်/ဆက်သွယ် ဖယ်ရှားပေးရန်အတွက် သက်ဆိုင်ရာ ကုမ္ပဏီများသို့ ၂၀၁၇ ခုနှစ် ဇွန် ၂၃ ရက်တွင်လည်းကောင်း၊ ၂၀၁၇ ခုနှစ် သြဂုတ် ၂၈ ရက်တွင် လည်းကောင်း၊၂၀၁၈ ခုနှစ် ဇွန် ၁၂ တွင် လည်းကောင်း အသိပေး အကြောင်းကြားပြီးဖြစ်ကြောင်း သိရသည်။

တရားမဝင် သွယ်တန်းထားသော Fiber Cable များကို သက်ဆိုင်ရာ ကုမ္ပဏီများအနေဖြင့် ယခုကြော်ငြာပါသည့် ရက်မှစ၍ ၂၀၁၈ ခုနှစ် ဇွန် ၃၀ ရက်အတွင်း လာရောက် ဆက်သွယ်/ဖယ်ရှားပေးရန်နှင့် ဖယ်ရှားခြင်း မရှိပါက သွယ်တန်းထားသော Fiber Cable များအား ၂၀၁၈ ခုနှစ် ဇူလိုင် ၂ ရက်မှစတင်၍ ဖယ်ရှားသွားမည်ဖြစ်ပြီး တည်ဆဲဥပဒေ၊ နည်းဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက အသိပေး ကြေညာခဲ့သည်။

တာဝါတိုင် တည်ဆောက်ခြင်းနှင့် Fiber Network လုပ်ကိုင်ရန်  ခွင့်ပြုချက် ရရှိထားသည့် ကုမ္ပဏီ ငါးခုသာရှိပြီး တရားဝင်ခွင့်ပြုချက် မရှိဘဲ လုပ်ကိုင်နေသော ကုမ္ပဏီများကို အရေးယူမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း YESC နှင့် တရားဝင်စာချုပ် ချုပ်ဆိုပြီး ခွင့်ပြုချက် ရရှိထားသည့် ကုမ္ပဏီသုံးခုနှင့်  YCDC တွင်၂၀၁၇ ခုနှစ် ဒီဇင်ဘာလအထိ စာရင်းပေးပြီး ခွင့်ပြုချက် ရရှိထားသည့် ကုမ္ပဏီနှစ်ခုသာရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က မေ ၂၂  ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့သည်။