၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူဦးရေသည် မည်သည့်ကာလတွင်မျှ ယင်းကဲ့သို့အောင်မြင်မှုမရှိခဲ့ဟု ပညာရေးဝန်ကြီး ပြောကြား

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူဦးရေသည် မည်သည့်ကာလတွင်မျှ ယင်းကဲ့သို့အောင်မြင်မှုမရှိခဲ့ဟု ပညာရေးဝန်ကြီး ပြောကြား
Published 24 June 2018

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူဦးရေ တစ်နှစ်ထက်တစ်နှစ် များပြားလာသကဲ့သို့ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူဦးရေသည် မည်သည့်ကာလတွင်မျှ ယင်းကဲ့သို့အောင်မြင်မှုမရှိခဲ့ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

ဇွန် ၂၁ ရက်ကပြုလုပ်သည့် ပြည်ထောင် စုလွှတ်တော် အစည်းအဝေးတွင် ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်ပြီး ရှင်းလင်းစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာမျိုးသိမ်းကြီးက “အထက်တန်းအဆင့် ကျောင်းသားကျောင်းသူတွေရဲ့ တက္ကသိုလ်ဝင်အဆင့် စာမေးပွဲဖြေဆိုအောင်မြင်မှု အခြေအနေကို တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူဦးရေ တစ်နှစ်ထက်တစ်နှစ် များပြား လာသလို အောင်မြင်တဲ့ဦးရေကလည်း များပြား လာတာကို တွေ့ရပါတယ်။ ယခု ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ အောင်မြင်သော ကျောင်းသား ကျောင်းသူဦးရေ ၂၅၉,၁၉၁ ဦးသည် မည်သည့်ကာလမှာမှ အောင်မြင်မှု မရှိခဲ့ပါဘူး။ ဒါကြောင့် တက္ကသိုလ် ဝင်စာမေးပွဲအောင်မြင်သူ များပြားလာသော်လည်း ဖြေဆိုတဲ့ ရာခိုင်နှုန်း၊ အောင်မြင်မှု ရာခိုင်နှုန်း လျော့နည်းသွားတာသည် ဖြေဆိုသူဦးရေ တိုးတက်များပြားလာလို့သာ အောင်မြင်သူဦးရေ ရာခိုင်နှုန်းကျဆင်းသွားရတယ်ဆိုတာကို  တင်ပြပါတယ်”ဟု ပြောကြားသည်။

လက်ရှိအချိန်တွင် ယခင်ကထက် ကျေးလက်နှင့်ဝေးလံသည့်ဒေသများ၊ အခက်အခဲ ရှိနေသည့် ဒေသများကို ဦးစားပေးပြီး ပညာရေး ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ခဲ့သည့်အတွက် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားကျောင်းသူ ဦးရေ ၉,၁၇၆,၄၅၄ ဦး ရှိလာသကဲ့သို့ အထူးသဖြင့် အထက်တန်းတွင် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ၌ တစ်ခါမှမရှိသေးသည့် ဂရိတ် ၁၀၊ ဂရိတ် ၁၁ တို့မှာ တစ်သန်းထက် ပိုမိုလာကြောင်း၊ ကျောင်းသား ကျောင်းသူဦးရေ များပြားလာသည်ကို တွေ့ရှိ ရမည်ဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူ တိုးတက်မှုကိုလည်း သုံးနှစ်တာကာလ နှိုင်းယှဉ်ကြည့်မည်ဆိုပါက ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ၈ ဒသမ ၆ သန်းကျော်၊ ၂၀၁၆- ၂၀၁၇ ပညာသင်နှစ်တွင် ၈ ဒသမ ၈၉သန်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ၉ ဒသမ ၁၇ သန်းအထိ ကျောင်းအဆင့် တိုးမြှင့်ပေးနိုင်ခဲ့သောကြောင့် အဓိကအခက်အခဲရှိနေသည့် ဒေသများကို ဦးစားပေးဖြည့်ဆည်းပေးနိုင်ခဲ့သည့်အတွက် ကျောင်းသားကျောင်းသူဦးရေ များပြားလာကာ နှစ်အလိုက်အတန်းကူးပြောင်းမှု အခြေအနေသည်လည်း အလယ်တန်း၊ အထက်တန်းတွင် သိသိသာသာ ကျောင်းသား ကျောင်းသူဦးရေ တိုးတက်များပြားလာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

“ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသားကျောင်းသူတွေကို သင်ယူမှုအခွင့်အလမ်းရရှိရုံ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးတာ မဟုတ်ပါဘူး။ သင်ယူမှုအခွင့်အလမ်း မြင့်မားလာသလို ပညာရေးအရည်အ သွေး မြင့်မားဖို့အတွက်ကိုလည်း ဆရာ ဆရာမများကို သင်တန်းပေးခြင်း၊ ဘာသာရပ်ဆိုင်ရာ အရည်အသွေးများ မြှင့်တင်ပေးခြင်း၊ သင်ရိုးညွှန်းတမ်းများ ပြုပြင်ပြောင်းလဲခြင်း၊ ကျောင်းသုံးဖတ်စာအုပ်များ အသစ်ပြုစုဖြန့်ဝေပေး ခြင်း၊ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းပေးခြင်း၊ ဆရာ ဆရာမများကို မွမ်းမံသင်တန်း ပေးခြင်းများနှင့်အတူ မူလတန်းပညာသင်ယူနေသူ အားလုံးကို မူလတန်းပညာသင်ယူပြီးမြောက်ရေးအတွက် အမျိုးသားပညာရေးမဟာ ဗျူဟာစီမံကိန်းမှာ ဖော်ပြထားသည့်အတိုင်း ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါမှာ မူလတန်းပညာသင်ယူပြီးဆုံးတဲ့ စာမေးပွဲ ဖြေဆိုအောင်မြင်မှုအခြေအနေသည် ကျား၊ မဦးရေဟာလည်းပဲ မူလတန်းမှာ ဂရိတ် ၅ မှာ ကွာခြားမှုလျော့နည်းလာသလို ဖြေဆိုသူအားလုံးနီးပါးဟာလည်း အောင်မြင်ပြီးတော့မှ ဂရိတ် အေ၊ ဘီ၊ စီ၊ ဒီ ကိုလည်းပဲ ကြည့်မယ်ဆိုရင် ဖြေဆိုတဲ့ဦးရေ တိုးတက်လာသလို အောင်မြင်တဲ့ဦးရေလည်း ပိုမိုများပြား လာခဲ့တာကို တွေ့ရှိရမှာဖြစ်ပါတယ်” ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

အဆင့်မြင့်ပညာကဏ္ဍတွင် ကျောင်းသားကျောင်းသူ ဦးရေတိုးတက်မှုကို ကြည့်ပါက သင်ယူမှုအခွင့်အလမ်းပိုမိုများပြားလာသည့်အတွက် ကျောင်းသားကျောင်းသူဦးရေ တိုးတက်များပြားလာသကဲ့သို့ ပညာရေးဝန်ကြီး ဌာနအနေဖြင့် နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူး မိန့်ခွန်းပါအတိုင်း သင်ယူမှုအားနည်းနေသည့် ဆင်းရဲနွမ်းပါးသည့် မိသားစုများ၊ အခက်အခဲရှိနေသည့် မိသားစုများကိုလည်း ပညာသင်ထောက်ပံ့ကြေးများ ပိုမိုဖြည့်ဆည်း ထောက်ပံ့ပေးသည့် Exclusive Education ကိုလည်း ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် အခြေခံပညာကဏ္ဍနှင့် အဆင့်မြင့်ပညာကဏ္ဍတို့တွင် ရှိနေသည့် တက္ကသိုလ်ကျောင်းသားကျောင်း သူများ၊ အမြင်အာရုံအားနည်းသည့် ကျောင်းသားကျောင်းသူများ၊ အကြားအာရုံအားနည်းသည့် ကျောင်းသားကျောင်းသူများ၊ ကိုယ်လက်အင်္ဂါချို့တဲ့သည့် ကျောင်းသားကျောင်းသူများကိုလည်း ပညာသင်ထောက်ပံ့ကြေးများ ထောက်ပံ့ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။