နာဂဒေသ နန်းယွန်းမြို့နယ်အတွင်း ဆန်ပြတ်လပ်မှုနှင့် ကြုံတွေ့နေကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား

နာဂဒေသ နန်းယွန်းမြို့နယ်အတွင်း ဆန်ပြတ်လပ်မှုနှင့် ကြုံတွေ့နေကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား
Published 23 August 2017

နာဂဒေသ နန်းယွန်းမြို့နယ်အတွင်းမှ တိုင်းရင်းသားများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူထွန်း)

နာဂဒေသ နန်းယွန်းမြို့နယ်အတွင်း၌ ဆန်ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေသည်ဟု နန်းယွန်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၏ ပြောကြားချက်အရ သိရသည်။

“နန်းယွန်းမြို့နယ်က တစ်မြို့နယ်လုံးကို ဆန်ရိက္ခာ ပြတ်လပ်မှု ဖြစ်နေတာပါ။ ပြီးခဲ့တဲ့ ၂၀၁၆ မှာလည်း ဖြစ်တယ်။ အဲဒီတုန်းကတော့ ရာသီဥတုကြောင့် ဖြစ်တာပါ။ ၂၀၁၇ မှာကတော့ အခုအချိန်အထိ စပါးလည်း မပေါ်သေးဘူး။ လမ်းပြတ်တောက်သွားတာက ကချင်ပြည်နယ် တနိုင်းဘက်မှာဖြစ်တဲ့ စစ်ပွဲရဲ့အကျိုးသက်ရောက်မှုပေါ့ ။ ဖြတ်လေးဖြတ် နဲ့ ကချင်ပြည်နယ် တနိုင်းမြို့နယ်ကို ဖြတ်လိုက်တော့ နန်းယွန်းမြို့နယ်က လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး အခြား လူမှုဖွံ့ဖြိုးရေးအတွက် ပစ္စည်းတွေ သယ်ယူတာက မြစ်ကြီးနား-တနိုင်း-ရှင်ဗွေယန်- နန်းယွန်း (လီဒိုလမ်းမကြီး)လမ်းအတိုင်း သယ်ယူရတာ။ အခုအချိန်အထိပါ။ နန်းယွန်းမြို့နယ်က စစ်ကိုင်းတိုင်းဒေသကြီးမှာ ပါတယ်ဆိုပေမယ့်လို့ ခန္တီးဘက်က နေလာလို့ မရဘူး။ လီဒိုလမ်းကို အသုံးပြုရတယ်။ စစ်ရေးကြောင့် လမ်းကို ပိတ်လိုက်တော့ ဆန်က သယ်လို့ မရတော့ဘူး။ ပြီးခဲ့တဲ့ မတ်လဝန်းကျင်လောက်မှာက မြို့နယ်ကနေပြီးတော့ စာပြန်တင် တာပေါ့ ။ ကျွန်တော်တို့ ဒေသလိုအပ်ချက်တွေကို တွက်ချက်မှုတွေနဲ့ ဒေသဦးစီးကို တင်တယ်။ ဒေသဦးစီးကနေ တိုင်းအစိုးရအဖွဲ့ကို တင်တယ်။ တိုင်းအစိုးရနဲ့ ကချင် ပြည်နယ် နယ်လုံချိတ်ဆက်ပြီးတော့ ခွင့်ပြုချက်နဲ့ ပြန်တင်ပေးပါတယ်။ ဒါပေမဲ့ လုံလောက်မှု မရှိပါဘူး။ ပထမတစ်ကြိမ် သယ်ယူခွင့်ရတယ်။ နောက်ထပ်သယ်ယူဖို့ရာအတွက် ပြန်တင်ထားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက အကြောင်းတော့ ကြားလာတယ်။ မတ်၊ ဧပြီလ လောက်မှာ ဆန်ရောက်လာတယ်။ အဲဒီ နောက်ပိုင်း တင်လို့မရတော့ဘူး။ အဲဒီနောက်ပိုင်းမှာ ကချင်ပြည်နယ်ဘက်မှာလည်း စစ်က ဖြစ်လာတယ်။ လမ်းပန်းဆက်သွယ်ရေးအနေနဲ့က ရှင်ဗွေယန်နဲ့နန်းယွန်းလမ်းတွေက ကားလာလို့ မရတော့ဘူး။ ရှင်ဗွေယန်နဲ့နန်း ယွန်းလမ်းက ရှင်ဗွေယန်မြို့နယ်လမ်းပိုင်းတွေ ကောင်းပေမယ့် နန်းယွန်းမြို့နယ် ၁၅ မိုင်မှာက ငါးမိုင်လောက်က မြေသားလမ်းဖြစ်တော့ ကားတွေသွားလို့ မလွယ်တော့ဘူး။ ဆန်ပြတ်လပ်မှုတင် မကဘူး။ ပညာရေး၊ ကျန်းမာရေးတွေပါ ဂယက်ရိုက်နေတယ်။ ကျွန်တော်တို့ ဒေသဦစီးအဖွဲ့ကို ဒါတွေတင်ပြထားပါတယ်” ဟု နန်းယွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝမ်လှက ပြောကြားသည်။

နန်းယွန်းမြို့နယ်သည် လီဒိုလမ်းမကြီး (နန်းယွန်း-ရှင်ဗွေယန်-တနိုင်း-မြစ်ကြီးနား) လမ်းကို အဓိက အသုံးပြုရပြီး ကချင်ပြည်နယ် အတွင်း၌ ဖြစ်ပွားလျက်ရှိသော စစ်ပွဲများကြောင့် ဆန်သယ်ယူရေးမှာ ပိုမိုခက်ခဲလျက်ရှိသည်ဟု သိရသည် ။ ယခင်နှစ်များက မြန်မာ-အိန္ဒိယ နယ်စပ် ဖြတ်ကျော်သွားလာ၍ရပြီး မြန်မာနိုင်ငံအတွင်းရှိ ပန်ဆောင်ဈေး ဖွင့်လှစ်ခဲ့သောကြောင့် ဒေသခံများ စားနပ်ရိက္ခာ ဝယ်ယူရေးမှာ အဆင်ပြေခဲ့ပြီး ယခုအခါ အိန္ဒိယနိုင်ငံဘက်မှ နယ်စပ်ဝင်ပေါက် များကို ပိတ်ဆို့ထားလိုက်သည့်အတွက် ပန်ဆောင်ဈေးမှာ ရက်ရှည်ပိတ်ထားကြရပြီး ဒေသခံများအတွက် စားနပ်ရိက္ခာအခက်အခဲများ ပိုမိုဖြစ်လာသည်ဟု သိရသည် ။

“ကျွန်တော်တို့ နန်းယွန်းမြို့နယ်က ပြဿနာပေါင်းစုံဖြစ်နေတာ။ လမ်းပေါက်မှန်သမျှ အားလုံးက သူ့အလိုလို ပိတ်နေသလို ဖြစ်နေတာ ။ လမ်းပေါက်သုံးစုံဆိုတာ နန်းယွန်းကို ဗဟိုပြုတာက ရှင်ဗွေယန်-နန်းယွန်း လမ်း၊ လဟယ်-ဒုံဟီး-နန်းယွန်းလမ်းရယ်၊ နန်းယွန်း-ပန်ဆောင်လမ်းရယ်ပေါ့။ ရိက္ခာ ပြတ်လပ်မှုက လွန်ခဲ့တဲ့ ဧပြီ ၊ မေလကတည်း ကဖြစ်တာဆိုတော့ အခုဆို တော်တော် ပိုဆိုးနိုင်ပါတယ်။ ကျွန်တော်တို့ မြို့နယ်မှာ မတူညီတာက နန်းယွန်းနဲ့ပန်ဆောင် တစ်လျှောက်က ဆန်ကို အဓိကစားတယ်။ ဒုံဟီးဘက်ကျတော့ ပြောင်း၊ လူး၊ ဆတ်အဲဒါတွေစားတာ။ ဆန် စပါးကြတော့ တချို့ရွာတွေပဲစားကြတာ။ ဒါက ငတ်တဲ့အနေအထားလို့ သတ်မှတ်လို့ရပါတယ်။ ဆန်စပါးပေါတဲ့ ပန်ဆောင် တစ် လျှောက်တောင် ပြည်သူတွေက တော်တော်ငတ်ကြတာကိုး။ အဲဒါကြောင့် ကျွန်တော်တို့လည်း နည်းလမ်းတွေ လိုက်ရှာပြီးတော့ လုပ်နေတာ။ ပန်ဆောင်ဘက်ဆိုရင် အဓိက,က ဆန်နဲ့ဆားပဲ ပြဿနာတက်နေတယ်။ ဆားဆိုရင် ကျွန်တော်တို့က ရှေးအဆက်ဆက်ကတည်းက အိန္ဒိယကပဲ ဝယ်တာလေ၊ မြန်မာပြည်ကမှ မရောက်နိုင်တာ။ အိန္ဒိယနိုင်ငံဘက်က အိုင်အိုဒင်းဆားတွေသုံးတယ်။ အခုတော့ အိန္ဒိယဘက်က နယ်စပ်တစ်လျှောက် မှာရှိတဲ့ လမ်းပေါက်တွေရော လမ်းပေါက် မဟုတ်တာတွေရော ပိတ်တော့ ဘယ်လိုမှ သယ်ယူလို့ မရတဲ့ အနေအထား။ အခုရိက္ခာ အနေအထားက အစိုးရဘက်က ပေးမယ်ဆိုရင်တောင် လမ်းပန်းဆက်သွယ်ရေး ပြဿနာက အဓိကဖြစ်နေတာ။ ဒေသမှာနေတဲ့သူ အချင်းချင်းကူညီကြရအောင် ပြောဖို့ဆိုရင်လည်း အားလုံးက ဒုက္ခရောက်တဲ့သူ အချင်းချင်းဖြစ်နေတာ။ ကျွန်တော် လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ တော်တော်လေး အကျပ်အတည်းဖြစ်တယ်။ ကျွန်တော်က ပန်ဆောင်မှာနေတဲ့အတွက်ကြောင့် ကျွန် တော်ကိုယ်တိုင် အဲဒီဒုက္ခကြီးကိုရင်ဆိုင်နေရတာ။ ဒါကြီးကို ကူညီကြပါလို့ပြောလို့ ကူညီချင်တဲ့သူရှိတယ်ဆိုရင်တောင် ဘယ်လမ်းကြောင်းကနေ ပို့ဆောင်ရမလဲ။ တပ်မ တော်ကနေ ရဟတ်ယာဉ်တွေနဲ့ ပို့ဆောင်ပေးမယ်ဆိုရင်တော့ အဆင်ပြေတာပေါ့။ ရာသီဥတုအနေက နေ့တိုင်းလိုလို ဆိုးရွားနေတာ မဟုတ်တော့ ရဟတ်ယာဉ်ဆင်းနိုင်မယ့် အချိန်လောက်ကို  စောင့်ဆိုင်းလို့ ရတာပေါ့။ သုံးလေးလတောင် ဒုက္ခခံပြီးပြီပဲ။ နယ်စပ်ကို ဖွင့်ခိုင်းရအောင်ကလည်း မလွယ်ဘူး။ အလွယ်ဆုံးကတော့ အိန္ဒိယဘက်ကနေ နားလည်မှု အပြည့်အဝနဲ့ သယ်ယူလို့ရမယ်ဆိုရင်တော့ ဒီပြဿနာက လုံးလုံးကြီးမဟုတ်တောင် တော် တော်အဆင်ပြေမှာပါ။ နယ်စပ်လမ်းသာ အဆင်ပြေမယ်။ ဟိုဖက်မှာလည်းအမျိုးတွေပဲလေ။ သူတို့က ဝိုင်းကူညီခိုင်းလို့ရတာပေါ့” ဟု နန်းယွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က ဆိုသည်။