ရန်ကုန်မြစ်အတွင်း သမ္ဗန်တိမ်းမှောက်မှုမှ ပျောက်ဆုံးနေသူ လေးဦးအနက် အမျိုးသားရုပ်အလောင်းကို ထပ်မံရှာဖွေတွေ့ရှိ

ရန်ကုန်မြစ်အတွင်း သမ္ဗန်တိမ်းမှောက်မှုမှ ပျောက်ဆုံးနေသူ လေးဦးအနက် အမျိုးသားရုပ်အလောင်းကို ထပ်မံရှာဖွေတွေ့ရှိ
Published 18 June 2018

ရန်ကုန်မြစ်အတွင်း သမ္ဗန်တိမ်းမှောက်မှုမှ ပျောက်ဆုံးနေသူ လေးဦးအနက် အမျိုးသားရုပ်အလောင်းကို ငါးရက်မြောက်နေ့ဖြစ်သည့် ဇွန် ၁၇ ရက် မွန်းလွဲပိုင်းက ထပ်မံ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ်၊ စဉ့်အိုးတန်းဆိပ်ကမ်းမှ ဒလဘက်သို့ ရန်ကုန်မြစ်အတွင်း မောင်းနှင်ခဲ့သည့် သမ္ဗန်တိမ်းမှောက်မှုမှ ပျောက်ဆုံးနေသူလေးဦးအနက် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို လေးရက်မြောက်နေ့ဖြစ်သည့် ဇွန် ၁၆ ရက် နံနက်ပိုင်းက ရှာဖွေတွေ့ရှိခဲ့ပြီး ဇွန် ၁၇ ရက် မွန်းလွဲပိုင်းတွင် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ထပ်မံရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“သမ္ဗန်တိမ်းမှောက်မှုမှာ ပျောက်ဆုံးနေတဲ့လေးယောက်ထဲက အမျိုးသမီးတစ်ဦးရဲ့ အလောင်းကို မနေ့ကတွေ့တယ်။ ဒီနေ့ မွန်းလွဲပိုင်းမှာ သီလဝါဆိပ်ကမ်းဘက်ကနေ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်း ထပ်တွေ့တာပါ။ ပျောက်နေတာ ကလေးယောက်ဆိုတော့ နှစ်ယောက်ကျန်နေသေးတယ်။ ထပ်မံရှာဖွေနေပါတယ်” ဟု ဓမ္မပါလလူမှုကူညီရေးအဖွဲ့မှ ကိုညီညီက ပြောကြားသည်။

ဇွန် ၁၃ ရက် ညပိုင်းတွင် ရန်ကုန်မြို့ စဉ့်အိုးတန်းဆိပ်ကမ်းမှ ဒလမြို့နယ်ဘက်သို့ မောင်းနှင်သည့် သမ္ဗန်တစ်စင်းတိမ်းမှောက် နစ်မြုပ်ခဲ့ပြီး သမ္ဗန်ပေါ်တွင် လိုက်ပါလာသူ ၁၂ ဦးအနက် လေးဦးပျောက်ဆုံးခဲ့ကာ ပျောက်ဆုံးနေသူလေးဦးအနက်မှ အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းအား ရှာဖွေကယ်ဆယ်ရေးများ ပြုလုပ်နေသည့် ပူးပေါင်းအဖွဲ့က ဇွန် ၁၆ ရက် နံနက် ၉ နာရီကျော်တွင် သန်လျက်စွန်းဆိပ်ကမ်းအနီးရှိ ဓနိတောတစ်ခုတွင် ရှာဖွေတွေ့ရှိခဲ့ပြီး ဇွန် ၁၇ ရက် မွန်းလွဲပိုင်းတွင် သီလဝါဆိပ်ကမ်းဘက်မှ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

သမ္ဗန်တိမ်းမှောက်မှုမှ ပျောက်ဆုံးနေသူ ကျန်နှစ်ဦးအား ဆက်လက်ရှာဖွေလျက်ရှိပြီး ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်နေသည့် ပူးပေါင်းအဖွဲ့က သမ္ဗန်လေးစင်းခွဲကာ ရန်ကုန်မြစ်အတွင်း ဆက်လက်ရှာဖွေမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ကုန်မြစ်အတွင်း နစ်မြုပ်ခဲ့သည့် သမ္ဗန်ပေါ်တွင် လူ ၁၂ ဦး လိုက်ပါလာခဲ့ပြီး ရှစ်ဦးအား သမ္ဗန်နစ်မြုပ်သည့်နေ့တွင်ပင် ရှာဖွေကယ်ဆယ်နိုင်ခဲ့သော်လည်း လေးဦးပျောက်ဆုံးခဲ့ပြီး နှစ်ဦးအား ရှာဖွေတွေ့ရှိခဲ့ကာ ကျန်နှစ်ဦးမှာ ပျောက်ဆုံးလျက်ရှိပြီး ဆက်လက် ရှာဖွေလျက်ရှိကြောင်း သိရသည်။