တရုတ်နိုင်ငံဘက်မှ ဘဏ်အကောင့်များ ပိတ်သိမ်းခြင်းကြောင့် တရုတ်ကုန်သည် အများစု မြန်မာ-တရုတ် နယ်စပ်မှတင်ပို့သည့် ဆန်ဝယ်ယူမှုကို ရပ်တန့်ထားဟုဆို

တရုတ်နိုင်ငံဘက်မှ ဘဏ်အကောင့်များ ပိတ်သိမ်းခြင်းကြောင့် တရုတ်ကုန်သည် အများစု မြန်မာ-တရုတ် နယ်စပ်မှတင်ပို့သည့် ဆန်ဝယ်ယူမှုကို ရပ်တန့်ထားဟုဆို
Published 16 June 2018

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)

တရုတ်နိုင်ငံဘက်မှ ဘဏ်အကောင့်များ ပိတ်သိမ်းခြင်းကြောင့် တရုတ်ကုန်သည်များအနေဖြင့် မြန်မာ-တရုတ် နယ်စပ်မှတင်ပို့သည့် ဆန်ဝယ်ယူမှုကို ရပ်တန့်ထားကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားသည်။

“အခုက တရုတ်လည်းမဝယ်ဘူး။ တရုတ်မဝယ်လို့ ဈေးက ဒီအခြေအနေဖြစ်တာ။ တရုတ်ဝယ်ရင် တအားမြင့်သွားမယ်။ တရုတ်ကတော့ လောလောဆယ်က ဟိုဘက်ခြမ်းမှာ ဘဏ်အကောင့်တွေ ပြဿနာရှာတယ်။ မှောင်ခိုလုပ်နေတဲ့ ဟိုဘက်ခြမ်းကလူတွေကို သူ ပြဿနာရှာတော့ နည်းနည်းလေး အရောင်းအဝယ်တွေ မကောင်းဘူး။ ရပ်နေတာပေါ့။ သကြားတို့ ဘာတို့ပဲ လုပ်တယ်။ ဆန်သိပ် မလုပ်ကြဘူး” ဟု ဦးသန်းဦးက ပြောကြားသည်။

မြန်မာ-တရုတ်နယ်စပ်တွင် တရုတ်ဘက်မှ ဘဏ်အကောင့်ပိတ်မှု မကြာခဏဖြစ်ပွားနေပြီး နယ်စပ်အရောင်းအဝယ်ပြုလုပ်နေသူများ ငွေပေးငွေယူပြုလုပ်ရာ၌ ပြဿနာအချို့ ဖြစ်ပေါ်နေသဖြင့် ဇွန် ၁၂ ရက်မှစ၍ ငွေပေးငွေယူ ငွေလွှဲလုပ်ငန်းများကို ခေတ္တရပ် နားမည်ဖြစ်ကြောင်း မူဆယ်နယ်စပ်ရှိ ကုန်သည်များထံမှ သိရသည်။

တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ဆန်၊ သကြား၊ ပြောင်းနှင့် အခြားလယ်ယာထွက်ကုန်များ တရားဝင်တင်ပို့နိုင်ရန် ယူနန်ပြည်နယ် အစိုးရနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့  ဇွန်လအတွင်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

အဆိုပါနားလည်မှုစာချွန်လွှာတွင် မြန်မာနိုင်ငံဘက်မှ ဆန်၊ သကြား၊ ပြောင်းနှင့် အခြားလယ်ယာထွက်ကုန်များကို တရုတ် နိုင်ငံဘက်သို့ တင်ပို့နိုင်မည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် အဆိုပါပို့ကုန်တန်ဖိုးနှင့်ညီမျှ သော တရုတ်နိုင်ငံဘက်မှ လယ်ယာစိုက်ပျိုးရေး သုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် သံနှင့် သံမဏိပစ္စည်းများအား ပြန်လည်တင်သွင်းနိုင်မည်ဖြစ်သည်။

“ဒီလက်မှတ်ထိုးမှုက အဓိက,က နှစ်နိုင်ငံ ဒါမျိုးလက်မှတ်ထိုးတယ်ဆိုရင် Quota ဆိုတာကို ကျော်လွှားသွားတာပေါ့။ လက်ရှိဆိုရင် နယ်စပ်ကုန်သွယ်ရေးလုပ်နေတယ်၊ ပင်လယ်ရေကြောင်းကနေ ပုံမှန်ကုန်သွယ်ရေး လုပ်နေတယ်။ ပုံမှန်ကုန်သွယ်ရေးက နိုင်ငံအစုံကို တင်ပို့တာပေါ့။ အခုကကျတော့ Bi Lateral Trade  ပေါ့။ နှစ်နိုင်ငံစာချုပ်ချုပ်တာပေါ့။ အဲဒါက ကိုတာသတ်မှတ်ချက်နဲ့ အကျုံး မဝင်ဘူး။ ဒါကြောင့်မို့ တရားဝင်ဖြစ်သွားတာပေါ့” ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံအနေဖြင့် MSP (Minimum Suport Prize  လျှော့ချလိုက် သောကြောင့် ဧပြီနှင့် မေနှစ်လအတွင်း မြန် မာနိုင်ငံ၏ နယ်စပ်ဆန်တင်ပို့မှု ကျဆင်းခဲ့ ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောကြားသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှုတွင် ယခင်နှစ်များက နယ်စပ်ကုန်သွယ်မှုမှ ဆန်တင်ပို့မှုမှာ စုစုပေါင်းတင်ပို့မှု၏ ရာခိုင်နှုန်း ၇၀ ကျော်အထိ များပြားခဲ့ပြီး ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှာ ရာခိုင်နှုန်း ၃၀ ခန့်သာ တင်ပို့နိုင်ခဲ့သည်။