ရန်ကုန်မြို့အတွင်း ပြေးဆွဲလျက်ရှိသည့် Grab၊ Uber၊ Oway၊ HelloCaps၊ City Taxi များကို ဘဏ္ဍာရေးနှစ်အလိုက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များဖြင့် စိစစ်ကောက်ခံလျက်ရှိကြောင်း တိုင်းဒေသကြီးဝန်ကြီး ပြောကြား

ရန်ကုန်မြို့အတွင်း ပြေးဆွဲလျက်ရှိသည့် Grab၊ Uber၊ Oway၊ HelloCaps၊ City Taxi များကို ဘဏ္ဍာရေးနှစ်အလိုက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များဖြင့် စိစစ်ကောက်ခံလျက်ရှိကြောင်း တိုင်းဒေသကြီးဝန်ကြီး ပြောကြား
Published 15 June 2018

ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသည့် အငှားယာဉ်များအား တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ဇင်ဖြိုး)

ရန်ကုန်မြို့အတွင်း ပြေးဆွဲလျက်ရှိသည့် Grab၊ Uber၊ Oway၊ HelloCaps၊ City Taxi များကို ဘဏ္ဍာရေးနှစ်အလိုက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များဖြင့် စိစစ်ကောက်ခံလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဇွန် ၁၃ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဆဋ္ဌမ ပုံမှန်အစည်းအဝေး (၄၅ ရက်မြောက်နေ့) တွင် ပြောကြားသည်။

ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြလှစံက “ရန်ကုန်မြို့တွင်း နေရာအနှံ့ပြေးဆွဲသော City Taxi များဖြစ်သည့် Grab၊ Uber၊ Oway၊ HelloCaps စသည့်ကုမ္ပဏီများ၏ ဝင်ငွေခွန်အား မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း” မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကုမ္ပဏီသုံးခုစလုံးဟာ ၂၀၁၆ -၂၀၁၇ ဝင်ငွေနှစ်အတွက် အခွန်စည်းကြပ်မှုများကို ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၇-၂၀၁၈ ဝင်ငွေနှစ်နဲ့ ၂၀၁၈-၂၀၁၉ ဝင်ငွေနှစ်များအတွက် ကြိုတင်ကုန်သွယ်လုပ်ငန်းခွန်၊ ကြိုတင်ဝင်ငွေခွန်များ ကောက်ခံရရှိခဲ့ပြီး ဖြစ်ပါတယ်။ အလားတူ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၃)တွင် စည်းကြပ်မှုခံယူလျက်ရှိတဲ့ Oway City Taxi ရဲ့ ကုမ္ပဏီဖြစ်တဲ့ Oway Ride Co.,Ltd. က မြန်မာတိုင်းရင်းသားပိုင်ကုမ္ပဏီဖြစ်ပြီး ကုမ္ပဏီအမှတ် M-၁/၂၀၁၆-၂၀၁၇ အဲဒါကို ၂၀၁၆ ခုနှစ် ဧပြီ ၄ ရက်နေ့က ဖွဲ့ထားတဲ့ကုမ္ပဏီ ဖြစ်ပါတယ်။ လုပ်ငန်းစတင်လည်ပတ်တဲ့ ၂၀၁၆-၂၀၁၇ ဝင်ငွေခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန်များ စည်းကြပ်ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်” ဟု ဝန်ကြီးဦးမြင့်သောင်းက ပြောကြားသည်။

ရန်ကုန်မြို့တွင်း နေရာအနှံ့ ပြေးဆွဲနေသော City Taxi များဖြစ်သည့် Grab၊ Uber၊ Oway၊ HelloCaps စသည့် ကုမ္ပဏီများသည် နိုင်ငံခြားသားအစုရှင်များ ပိုင်ဆိုင်ပါဝင်သည့် ကုမ္ပဏီများဖြစ်ကြောင်း၊ Grab City Taxi သည် Grab (Myanmar) Co.,Ltd. အမည်ဖြင့် ကုမ္ပဏီအမှတ် F-၁၀၂၉/ ၂၀၁၆-၂၀၁၇ (၀၇-၀၂-၂၀၁၇) ဖြင့် လည်းကောင်း၊ Uber City Taxi သည် Uber (Myanmar) Co.,Ltd. အမည်ဖြင့် ကုမ္ပဏီအမှတ် F- ၁၀၂၃/၂၀၁၆-၂၀၁၇ (၇-၂-၂၀၁၇) ဖြင့် လည်းကောင်း၊ Hello Cabs City Taxi သည် Dagon Logistics Co.,Ltd. အမည်ဖြင့် ကုမ္ပဏီအမှတ် ၈၄၀/၂၀၁၄-၂၀၁၅ (၁၃-၁၁-၂၀၁၄) ဖြင့်လည်းကောင်း၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၂)တွင် အသီးသီး စည်းကြပ်မှု ခံယူလျက်ရှိကြောင်း၊ ယင်းကုမ္ပဏီသုံးခုတွင် Dagon Logistics Co.,Ltd.၊ Hello Cabs City Taxi လုပ်ငန်းမှာ ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် ကုမ္ပဏီမှတ်ပုံတင်ခဲ့သော်လည်း ၂၀၁၆ ခုနှစ် ဇူလိုင် ၁ ရက်မှစတင်၍ လုပ်ငန်းစတင်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ကောက်ခံသောရုံးဌာန ငါးခုရှိပါကြောင်း၊ ၎င်းတို့မှာ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၁) (၂) (၃)နှင့် ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံးတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုံးဌာနငါးခုတို့တွင် အခွန်ထမ်း ကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ် (SAS) ဖြင့် ဆောင်ရွက်လျက်ရှိသော အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးသည် ပြည်တွင်းအခွန်များဦးစီးဌာနမှ သတ်မှတ်ပေးထားသည့် နှစ်ချုပ်ရောင်းရငွေ/ဝင်ငွေပမာဏ အကြီးဆုံးဖြစ်သော နိုင်ငံခြားကုမ္ပဏီများကို စည်းကြပ်မှု ဆောင်ရွက်ရကြောင်း သိရသည်။