ငြိမ်းချမ်းရေးအတွက် မန္တလေးကျုံးနံဘေး၌ ဖယောင်းတိုင်ထွန်း ဆုတောင်းခဲ့ခြင်းကြောင့် ပုဒ်မ ၁၉ ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဗကသအဖွဲ့ဝင်နှစ်ဦးအမှု တရားလိုပြသက်သေတစ်ဦးအား ဆက်လက်စစ်ဆေး

ငြိမ်းချမ်းရေးအတွက် မန္တလေးကျုံးနံဘေး၌ ဖယောင်းတိုင်ထွန်း ဆုတောင်းခဲ့ခြင်းကြောင့် ပုဒ်မ ၁၉ ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဗကသအဖွဲ့ဝင်နှစ်ဦးအမှု တရားလိုပြသက်သေတစ်ဦးအား ဆက်လက်စစ်ဆေး
Published 15 June 2018

ကိုသန်းထိုက်နှင့် ကိုနှင်းအောင်တို့ကို ဇွန် ၁၄ ရက်က အောင်မြေသာစံ မြို့နယ်တရားရုံးတွင် ခြောက်ကြိမ်မြောက် ရုံးထုတ်စဉ်

ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တို့ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ပိတ်မိနေသည့် ဒေသခံများကို လွှတ်ပေးရေး၊ တိုင်းရင်းသားဒေသများ၌ ထိုးစစ်ဆင်နေမှုများ ရပ်တန့်ပေးရေး အပါအဝင် စစ်ပွဲများရပ်တန့်ပေးရန်အတွက် မန္တလေး ကျုံးနံဘေးတွင် ဖယောင်းတိုင်ထွန်း ဆုတောင်းခဲ့ခြင်းကြောင့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဗကသအဖွဲ့ဝင် နှစ်ဦးဖြစ်သည့် ကိုသန်းထိုက်နှင့် ကိုနှင်းအောင်တို့ကို ဇွန် ၁၄ ရက်က အောင်မြေသာစံမြို့နယ် တရားရုံးတွင် ခြောက်ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး အမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေတစ်ဦးကို ဆက်လက် စစ်ဆေးခဲ့သည်။

စစ်ပွဲများ ရပ်တန့်ရေးနှင့် ငြိမ်းချမ်းရေးအတွက် မန္တလေးမြို့ မြို့တော်ခန်းမရှေ့ရှိ ကျုံးနံဘေးတွင် မေ ၈ ရက် ညက ဖယောင်းတိုင်ထွန်း ဆုတောင်းခဲ့မှုနှင့် ပတ်သက်၍ ဗကသ အဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ကိုသန်းထိုက်နှင့် ကိုနှင်းအောင်တို့ကို မေ ၁၂ ရက်က ဒိုင်းမွန်းပလာဇာရှေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထိုသို့ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် အမှုနှင့်ပတ်သက်၍ မေ ၁၄ ရက်တွင် အောင်မြေသာစံ မြို့နယ်တရားရုံးတွင် စတင်ရုံးထုတ်ကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ အမှုကို မေ ၂၅ ရက် သုံးကြိမ်မြောက် ရုံးချိန်းတွင် တရားလိုရဲမှူးနှင့် တရားလိုပြသက်သေနှစ်ဦးကို စတင်စစ်ဆေးခဲ့သည်။ ထို့နောက် အမှုကို ဇွန် ၁၄ ရက်တွင် တရားလိုပြသက်သေ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို စစ်ဆေးခဲ့ပြီး ဇွန် ၂၁ ရက်သို့ ဆက်လက်ချိန်းဆိုခဲ့သည်။

“စစ်နဲ့ အကျိုးစီးပွား ဖြစ်ထွန်းနေတဲ့သူတွေက ကျွန်တော်တို့ကို ဖမ်းဆီးထားတယ်။ ပြည်တွင်းစစ်ဟာ ကျွန်တော်တို့နိုင်ငံမှာ နှစ်ပေါင်း ၇၀ ရှိသွားပြီ။ အဲဒီလို ပြည်တွင်းစစ်တွေ ဖြစ်ပွားနေတဲ့အတွက် ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အကုန်လုံး ဇောက်ထိုးကျဆင်းသွားတယ်။ ဒါဟာ ပြည်တွင်းစစ်ကြောင့်ဖြစ်တာ။ ပြည်တွင်းစစ်ရပ်ဖို့ ကျွန်တော်တို့ကပြောတယ်။ အဲဒီလိုပြောလို့ ကျွန်တော်တို့ကို ဖမ်းတယ်ဆိုတော့ ပြည်တွင်းစစ်ကို လိုလားတဲ့သူတွေလို့ သတ်မှတ်တယ်။ စစ်နဲ့အကျိုးစီးပွား ဖြစ်ထွန်းနေတဲ့ သူတွေလို့ပဲ သတ်မှတ်တယ်” ဟု ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဗကသအဖွဲ့ဝင် ကိုသန်းထိုက်က ပြောကြားသည်။

ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ မှာ အာမခံပေးပိုင်ခွင့်ရှိသည့် ပုဒ်မဖြစ်သော်လည်း ဖမ်းဆီးခံခဲ့ရသူနှစ်ဦးက အာမခံရယူခြင်း၊ ခံဝန်ပြုလုပ်ခြင်းများ လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ အချုပ်ဖြင့် အမှုရင်ဆိုင်နေခြင်းဖြစ်သည်။ ထို့ပြင် တရားရုံး၏ အမှုစီရင်မှုအပေါ် အယုံအကြည်မရှိသဖြင့် ဖမ်းဆီးခံထားရသည့် ဗကသဝင်နှစ်ဦးက ပြန်လည်ခုခံချေပခြင်း မပြုလုပ်ဘဲ တရားရုံးကို သပိတ်မှောက်၍ အမှုအား ရင်ဆိုင်နေခြင်းဖြစ်ကြောင်း သိရသည်။