ဥပဒေအရာတွင် နိုင်ငံသားအားလုံး တစ်ပြေးညီ ဖြစ်စေချင်ကြောင်း ပုဒ်မသုံးခုဖြင့် တရားစွဲဆို ခံထားရသော ဒေါက်တာအေးမောင် ပြောကြား

ဥပဒေအရာတွင် နိုင်ငံသားအားလုံး တစ်ပြေးညီ ဖြစ်စေချင်ကြောင်း ပုဒ်မသုံးခုဖြင့် တရားစွဲဆို ခံထားရသော ဒေါက်တာအေးမောင် ပြောကြား
Published 14 June 2018

ဥပဒေအရာတွင် နိုင်ငံသားအားလုံး တစ်ပြေးညီ ဖြစ်စေချင်ကြောင်း ပုဒ်မသုံးခုဖြင့် တရားစွဲဆို ခံထားရသော ဒေါက်တာအေးမောင်က ပြောကြားသည်။

စာပေဟောပြောပွဲတွင် ဟောပြောမှုကြောင့် ပုဒ်မသုံးခုဖြင့် တရားစွဲဆို ခံထားရသော ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား (၁၃) ကြိမ်မြောက် ရုံးထုတ်တွင် ဒေါက်တာအေးမောင်က ထိုသို့ သုံးသပ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့က နိုင်ငံတော်ရှေ့နေချုပ်ကိုတော့ ပြောချင်တယ်။ ဦးထွန်းထွန်းဦးကိုပေါ့။ တစ်နိုင်ငံလုံးကိုပေါ့လေ။ ဥပဒေအရာမှာ နိုင်ငံသားအားလုံးကို တစ်ပြေးညီ ဖြစ်စေချင်တယ်။ ကျွန်တော်တို့ဘက်က လိုက်တဲ့ရှေ့နေတွေဟာ ပြည်နယ် ဥပဒေအရာရှိ အငြိမ်းစားနဲ့ ခရိုင်ဥပဒေအရာရှိ အငြိမ်းစားတွေ ဖြစ်တယ်။ ဦးစံရွှေမောင်တို့ သုံးဦးစလုံးဟာ ဥပဒေအရာရှိတွေက အငြိမ်းစား ယူထားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ သူတို့နဲ့ လက်ရှိ ဥပဒေရုံးနဲ့ အမြင်ချင်းမတူဘူး။ ဘယ်မှာ မတူဘူးလဲဆိုရင် ၁၉၇၃ စကားရပ်များ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက် ဥပဒေအရ ဖြစ်စဉ်တစ်ခု၊ ဖြစ်ရပ်တစ်ခုကို အမှုတစ်ခုပဲ စွဲရမယ်ဆိုတာမျိုးနဲ့ ကျွန်တော်တို့ ရှေ့နေတွေက ရပ်တည်တယ်။ သူတို့ အားလုံးဟာလည်းပဲ ဥပဒေအရာရှိ အငြိမ်းစားတွေ ဖြစ်တယ်။ ဒါပေမဲ့ လက်ရှိ ပြည်နယ် ဥပဒေရုံးဘက်က စွဲချင်သလောက် စွဲလို့ရတယ် ဆိုတဲ့ဘက်နဲ့ ချဉ်းကပ်တယ်။ အဲဒီမှာ မတူဘူး။ သူတို့က စွဲချင်သလောက် ပုဒ်မတွေ တပ်ပြီး စွဲလ့ိုရတယ်။ အပြစ်တစ်ခုပဲ မပေးရဘူး ဆိုတဲ့ဘက်နဲ့ စကားရပ်များ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်ကို အဓိပ္ပာယ်ဖွင့်တယ်။ ဒါပေမဲ့ ကျွန်တော်တို့က တစ်ခုပဲ စွဲရမယ်။ ပြစ်ဒဏ်လည်း တစ်ခုတည်း ပေးရမယ်ဆိုတဲ့ဘက်နဲ့ ချဉ်းကပ်တဲ့အခါမှာ နိုင်ငံတော်ရှေ့နေချုပ်ဘက်က တစ်နိုင်ငံလုံး၊ နိုင်ငံသားအားလုံး ဥပဒေအရာမှာ တစ်ပြေးညီဖြစ်ဖို့အတွက် ညွှန်ကြားချက်ပေးဖို့ လိုတယ်။ ပြည်နယ်ဥပဒေရုံး အားလုံး၊ တိုင်းဥပဒေရုံး အားလုံးကို။ ဒါမှလည်း ရှမ်းမှာ တစ်မျိုး၊ ရခိုင်မှာ တစ်မျိုး၊ ရန်ကုန်မှာ တစ်မျိုး မဖြစ်ဖို့။ အဲဒါလေးကို ရှေ့နေချုပ် ဦးထွန်းထွန်းဦး အနေနဲ့ သက်ဆိုင်ရာ ပြည်နယ်တွေကို ညွန်ကြားချက်ပေးပါ။ ဦးအောင်ကျော်စိန် ပြောတာကတော့ ၁၉၇၃ စကားရပ်များ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက် ပုဒ်မ ၂၂ မှာ ဒီလိုပြဋ္ဌာန်းထားတယ်။ အင်္ဂလိပ်ခေတ်က ပြဋ္ဌာန်းခဲ့တဲ့ ကုတ်ကို အားလုံး ရုပ်သိမ်းပြီးပြီ။ အဲဒါကြောင့် ဥပဒေရုံးတွေက မကိုးကားသင့်တော့ဘူးလို့ ပြောချင်တယ်”ဟု ဒေါက်တာအေးမောင်က ဇွန် ၁၃ ရက် ရုံးထုတ်စဉ် ပြောကြားသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား ဇန်နဝါရီ ၁၅ ရက်က ရသေ့တောင်မြို့၌ ပြုလုပ်သည့် (၂၃၃) နှစ်မြောက် ရခိုင်အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဟောပြောမှုဖြင့် နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ) (ဂ)၊ မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇ (၁) တို့ဖြင့် တရားစွဲဆိုထားခံရခြင်း ဖြစ်သည်။

ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက စာရေးဆရာ ဝေဟင်အောင်အား နေအိမ်မှ ခေါ်ယူဖမ်းဆီးခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်တွင် ဒေါက်တာ အေးမောင်အား စစ်တွေမြို့ရှိ ၎င်း၏နေအိမ် မှ ဖမ်းဆီးခံခဲ့သည်။