<

ပခုက္ကူနယ်တစ်ဝိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေလျှံတက်ခဲ့သည့်အတွက် အချို့စိုက်ခင်းများ ပျက်စီးခဲ့ပြီး မိုးထပ်မံရွာပါက သီးနှံစိုက်ခင်းများ ရေ၀ပ်ရေပိမည်ကို စိုးရိမ်နေ

မြိုင်မြို့နယ်အတွင်း ချောင်းရေလျှံတက်မှုကြောင့် ပျက်စီးသွားသည့် ချောင်းအနီးရှိ စိုက်ခင်းအချို့ကို တွေ့ရစဉ်

ပခုက္ကူနယ်တစ်ဝိုက် ဇွန်လ ပထမပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေလျှံတက် ခဲ့သည့်အတွက် အချို့စိုက်ခင်းများ ပျက်စီးခဲ့ပြီး မိုးထပ်မံရွာသွန်းပါက သီးနှံစိုက်ခင်းများ ရေ၀ပ်ရေပိမည်ကို စိုးရိမ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပခုက္ကူနယ်တစ်ဝိုက် တောင်သူများမှာ ပြီးခဲ့သည့်မေလမှစ၍ သီးနှံများ စိုက်ပျိုးထားခဲ့ပြီး သီးနှံစတင် ဖြစ်ထွန်းချိန်တွင် မိုး သည်းထန်စွာ သွန်းမှုကြောင့် ချောင်းရေလျှံတက်ရာမှ ရေစီးဖြင့် မျောပါပျက်စီးခြင်း ဖြစ်ကြောင်း သိရသည်။

ချောင်းရေနှင့် မျောပျက်စီးခဲ့သည့် စိုက်ခင်းများမှာ မြေပဲ၊ နှမ်း၊ ပဲတီစိမ်းနှင့် ၀ါတို့အား စိုက်ပျိုးထားပြီး လက်ရှိရာသီ ဥတုမှာ မိုးအဆက်မပြတ် ရွာသွန်းနေခြင်းကြောင့် အသစ်ပြန်လည် စိုက်ပျိုးရန် မလွယ်ကူတော့ကြောင်း တောင်သူများက ပြောကြားသည်။

“မိုးက နေ့တိုင်းရွာနေတာဆိုတော့ ကန်တွေမှာလည်း ရေပြည့်ရေပိုလွှဲတွေကနေ ရေထုတ်နေရတယ်။ မိုးများလာလို့ ချောင်းရေများတာရော ကန်တွေက ရေထုတ်ရတာရောကြောင့် ချောင်းရေလျှံပြီး အနီးနားက ယာတွေ ထိခိုက်သွားတာ။ တချို့ကတော့ သဲဖုံးသွားတယ်။ တချို့ယာက အပင်မျောတာတွေ ဖြစ်ကုန်တယ်” ဟု မြိုင်မြို့နယ်မှ ကိုဗညားက ပြောကြားသည်။

ချောင်းရေနှင့် မျောပါခြင်း မရှိသည့် စိုက်ခင်းများမှာ လက်ရှိတွင် အပင်ဖြစ်ထွန်းမှု ကောင်းမွန်နေသော်လည်း မိုးရွာသွန်းမှု ဆက်လက် ကြုံတွေ့လာပါက စိုက်ခင်းအတွင်း ရေ၀ပ်ရေပိ၍ အပင်ဖြစ်ထွန်းမှု ထိခိုက်လာမည်ကို စိုးရိမ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် မေလကုန်ပိုင်းမှစ၍ ပခုက္ကူနယ်တစ်ဝိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကားလမ်းပိုင်းမျာ ရေကျော်ခြင်း၊ လမ်းပိုင်းပြတ်တောက်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ရေလိုအပ်နေသည့် သောက်ရေကန်များတွင် ရေအပြည့် ရရှိခဲ့ကြောင်း သိရသည်။

ဇွန် ၆ ရက်နှင့် ၇ ရက်တွင် မိုးသည်းထန်းစွာ ရွာသွန်းမှုကြောင့် ပခုက္ကူမြို့နယ်အတွင်းရှိ ကန်တော်ဆည် ရေပိုလွှဲပေါက် ကျိုးပေါက်ခြင်းနှင့် ရွှေချောင်းချောင်း ရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့သည့်အတွက် ကားလမ်းပိုင်း ခေတ္တပိတ်ထားခြင်းနှင့် နေအိမ်ရွှေ့ပြောင်းခြင်းများ ပြုလုပ်ခဲ့ရသည်။

 

June 9, 2018














Copy Protected by Chetan's WP-Copyprotect.