Mytel ၏ တစ်နိုင်ငံလုံး အတိုင်းအတာ ဝန်ဆောင်မှုမိတ်ဆက်ပွဲ ဇွန် ၉ ရက်တွင် ရန်ကုန်မြို့၌ကျင်းပပြီး ဆင်းမ်ကတ်များ တစ်သိန်းကျော် သုံးစွဲနေကာ သုံးသန်းကျော် ဖြန့်ချိထား

Mytel ၏ တစ်နိုင်ငံလုံး အတိုင်းအတာ ဝန်ဆောင်မှုမိတ်ဆက်ပွဲ ဇွန် ၉ ရက်တွင် ရန်ကုန်မြို့၌ကျင်းပပြီး ဆင်းမ်ကတ်များ တစ်သိန်းကျော် သုံးစွဲနေကာ သုံးသန်းကျော် ဖြန့်ချိထား
Published 10 June 2018

ဇွန် ၉ ရက်က ကျင်းပသည့် Mytel ၏ တစ်နိုင်ငံလုံး အတိုင်းအတာ ဝန်ဆောင်မှုမိတ်ဆက်ပွဲ အခမ်းအနားကို တွေ့ရစဉ်

လက်ရှိတွင် Mytel ဆင်းမ်ကတ်များကို တစ်သိန်းကျော် သုံးစွဲနေပြီး သုံးသန်းကျော် ဖြန့်ချိထားကြောင်း ၂၀၁၈ ဇွန် ၉ ရက်က Pullman Yangon Centrepoint Hotel တွင် ပြုလုပ်ခဲ့သည့် Mytel ၏ တစ်နိုင်ငံလုံး အတိုင်းအတာ ဝန်ဆောင်မှု မိတ်ဆက်ပွဲ အခမ်းအနားတွင် ပြောကြားချက်များအရ သိရသည်။

ယင်းအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကာ အမှာစကား ပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီး Lieutenant General ဦးစိန်ဝင်း၊ ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦး၊ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အစိုးရအဖွဲ့ ကိုယ်စားလှယ်များ၊ ဗီယက်နမ်နိုင်ငံ အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဗီယက်နမ်နိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဝန်ကြီးချုပ်၊ Viettel မှတာဝန်ရှိသူများ၊ Mytel ၏ ရှယ်ယာဝင်များဖြစ်သော Star High Public Company နှင့် Myanmar National Telecom Holding Public မှ တာဝန်ရှိသူများ၊ အခြားဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

“Mytel က တစ်ခုတည်းသော အများပိုင်ကုမ္ပဏီတွေ ပါဝင်တဲ့ ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာ ဖြစ်ပါတယ်။ 2G Voice အနေနဲ့ နိုင်ငံ့လူဦးရေရဲ့ ၉၃ ရာခိုင်နှုန်း၊ 4G Data အနေနဲ့ လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းအထိ ဝန်ဆောင်မှုပေးနိုင်မှာ ဖြစ်ပါတယ်။ International Gateway အတွက် လာအို၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့နဲ့ ကုန်းတွင်းဖြတ်ကျော် ဆက်ကြောင်းတွေ ဆောင်ရွက်ခဲ့တာကြောင့် 4G ကွန်ရက်ကို ဖြန့်ကြက်ဆောင်ရွက်ထားနိုင်ပြီ ဖြစ်ပါတယ်။ တစ်နှစ်အတွင်းမှာ တာဝါတိုင်ပေါင်း ၅၀၀၀ ကျော် တည်ဆောက်နိုင်ခဲ့လို့ အချိန်တို အတွင်းမှာ အမြန်ဆုံး အကောင်အထည်ဖော်ဆောင် ရွက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်” ဟု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန် ၉ ရက်တွင် ပြောကြားခဲ့သည်။

Mytel ၏အခြေခံ ဝန်ဆောင်မှု နှုန်းထားများမှာ Mytel အချင်းချင်း ခေါ်ဆိုပါက တစ်မိနစ်လျှင် ၁၀ ကျပ်နှင့် အခြားအော်ပရေတာများ၏ ဖုန်းသို့ခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၃ ကျပ်ဖြစ်သည်။ သုံးသလောက်ပေး အင်တာနက် အစီအစဉ်တွင် 1MB လျှင် ငါးကျပ်ဖြစ်ပြီး ယင်းမှာ ရာခိုင်နှုန်း ၄၀ သက်သာစေမည် ဟုဆိုသည်။ Mytel ဆင်းမ်ကတ် စတင်သုံးစွဲမည့် သူများအတွက် ဖုန်းပြောခြင်းအတွက် မိနစ် ၁၅၀ နှင့် အင်တာနက်အတွက် 1500 MB (1.5 GB) ကို ပထမသုံးလအတွင်း အစမ်းသုံး အစီအစဉ်အဖြစ် အခမဲ့ ရရှိမည်ဖြစ်ကြောင်း သိရသည်။ ရာခိုင်နှုန်း ၁၀၀ ပြန်လည်ရရှိမည့် ငွေဖြည့်အစီအစဉ်ကိုလည်း မိတ်ဆက်ခဲ့ပြီး ဥပမာအားဖြင့် ကျပ် ၅၀၀၀ ဖြည့်ပါက ကျပ် ၅၀၀၀ အပိုရရှိမည်ဖြစ်ကာ ယင်းအပိုငွေကို တစ်လတာ ကာလအတွင်း သုံးစွဲနိုင်ကြောင်း သိရသည်။ ဖုန်းပြောခ ကောက်ခံရာတွင် တစ်စက္ကန့်ချင်း အခြေခံပြီး ကောက်ခံမည်ဟုဆိုသည်။ ဆင်းမ်ကတ်မှာ တစ်ကတ်လျှင် ကျပ် ၁၅၀၀ ဖြစ်သည်။

“မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်က ဆင်းမ်ကတ်သုံးစွဲမှု ငါးသန်းပဲရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ သန်း ၅၀ လောက် ရှိလာပါတယ်။ ဒီလေးနှစ် အတွင်းမှာ ဆင်းမ်ကတ်သုံးစွဲနိုင်မှုက ၉၀ ရာခိုင်နှုန်းလောက် တိုးတက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဓိကအားဖြင့် နိုင်ငံ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက် နေထိုင်နေကြတဲ့ ကျေးလက်ဒေသတွေမှာ တစ်ဝက်လောက်က မိုဘိုင်းဖုန်းတွေ သုံးစွဲနိုင်ခြင်း မရှိသေးဘူး ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့မိုဘိုင်းဖုန်း သုံးစွဲမှုဟာ ခုချိန်မှာ ၉၀ ရာခိုင်နှုန်း ကျော်လာပြီ ဆိုပေမယ့် ဒေသတွင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တော့ အလယ်အလတ်အဆင့်ပဲ ရှိပါသေးတယ်။ အိန္ဒိယနဲ့ ထိုင်းမှာဆိုရင် မိုဘိုင်းဖုန်း သိပ်သည်းဆဟာ ၁၀၀ ရာခိုင်နှုန်း အထက်မှာ ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဆီမှာ အလားအလာတွေ အများကြီး ရှိနေပါသေးတယ်။ အထူးသဖြင့် မိုဘိုင်းအင်တာနက်နဲ့ Broadband အင်တာနက်တွေမှာ အများကြီး လုပ်လို့ရပါသေးတယ်” ဟု Mytel ၏ ပြင်ပဆက်ဆံရေး အရာရှိချုပ် ဦးဇော်မင်းဦးက ပြောကြားသည်။

Mytel ၏ မိုက်တယ် Package အစီအစဉ်မှာလည်း အော်ပရေတာ အားလုံးအနက် စိတ်ဝင်စားစရာ ဖြစ်လာပြီး ပထမ တစ်လအတွင်း ကျပ် ၄၀၀၀ ဖြင့် အင်တာနက်အတွက် 5 GB နှင့် ဖုန်းပြောခြင်းအတွက် မိနစ် ၂၅၀ (Mytel အချင်းချင်း) အသုံးပြုခွင့်ကို ရရှိမည်ဖြစ်သည်။