Miss America ပြိုင်ပွဲတွင် ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်မှုကို ရပ်ဆိုင်းမည်

Miss America ပြိုင်ပွဲတွင် ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်မှုကို ရပ်ဆိုင်းမည်
Published 7 June 2018

Photo: Reuters

နှစ် ၉၀ ကျော် သက်တမ်းရှိပြီဖြစ်သည့် Miss America ပြိုင်ပွဲ၏ လူသိများသည့် ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်မှုကဏ္ဍကို ရပ်ဆိုင်းမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင်များ၏ ကိုယ်ခန္ဓာသွင်ပြင်ကို အခြေခံပြီး အကဲဖြတ်တော့မည် မဟုတ်ကြောင်း Miss America အဖွဲ့၏ ထိပ်တန်း တာဝန်ရှိသူတစ်ဦးက ဇွန် ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“Miss America က အလှပြပွဲတစ်ခု မဟုတ်တော့ပါဘူး။ ပြိုင်ပွဲတစ်ခုဖြစ်လာပါပြီ။ ပြိုင်ပွဲဝင်တွေရဲ့ ကိုယ်ခန္ဓာသွင်ပြင်ကိုပဲ အကဲဖြတ်တော့မှာ မဟုတ်ပါဘူး” ဟု ၁၉၈၀ ပြည့်နှစ် Miss America သရဖူဆွတ်ခူးခဲ့ပြီး ယခုအခါ Miss America ဘုတ်အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ Gretchen Carlson က ၂၀၁၉ ခုနှစ် ပြိုင်ပွဲအတွက် ပြုလုပ်မည့်အပြောင်းအလဲများကို Good Morning America အစီအစဉ်သို့ ပြောကြားခဲ့သည်။

အကဲဖြတ်ဒိုင်များသည် ပြိုင်ပွဲဝင်များ၏ ပညာနှင့်အရည်အသွေး၊ ပင်ကိုစွမ်းရည် နှင့် လူမှုရေးအကျိုးပြုမှုများကို အဓိကထား ရွေးချယ်သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။ ရေကူးဝတ်စုံယှဉ်ပြိုင်မှုနေရာတွင် ပြိုင်ပွဲဝင်များကို အကဲဖြတ်ဒိုင်အဖွဲ့၏ မေးမြန်းမှု ကဏ္ဍဖြင့် အစားထိုးသွားမည်ဟု Miss America အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ရေကူးဝတ်စုံအပြင် ညနေခင်းဝတ်စုံ ယှဉ်ပြိုင်မှုကဏ္ဍကိုလည်း ရပ်ဆိုင်းမည်ဟု Carlson က ဆိုသည်။ ပြိုင်ပွဲဝင်များသည် ညနေခင်းဝတ်စုံအစား ၎င်းတို့၏ ကိုယ်ပိုင်ဟန်ပန်ကို ဖော်ပြနိုင်မည့် စိတ်ကြိုက်ဝတ်စုံများ ရွေးချယ်ဝတ်ဆင်နိုင်မည်ဖြစ်သည်။

'Miss America အစီအစဉ်မှာ ပါဝင်တာကို သဘောကျပေမယ့် ဒေါက်မြင့် ဖိနပ်တွေ၊ ရေကူးဝတ်စုံတွေနဲ့ ယှဉ်ပြိုင်တာမျိုး မလုပ်ချင်ဘူးလို့ လူငယ်အမျိုးသမီးတွေ ပြောတာကို ကြားခဲ့ရတယ်” ဟု Carlson က ပြောကြားခဲ့သည်။

Carlson သည် စီးပွားရေး၊ အနုပညာ နှင့် မီဒီယာနယ်ပယ်တို့မှ သြဇာလွှမ်းမိုးမှုရှိသော အမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာစော်ကားမှုနှင့် နှောင့်ယှက်မှုတို့ကို ဆန့်ကျင်သည့် #Me Too လှုပ်ရှားမှုကို ရပ်တည် ကာကွယ်သူတစ်ဦးဖြစ်သည်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုဖြင့် Fox News ၏ အမှုဆောင်အရာရှိချုပ်ဟောင်းကို Carlson က ပြီးခဲ့သည့် နှစ်နှစ်တွင် တရားစွဲခဲ့ဖူးသည်။

ယခုနှစ် Miss America ပြိုင်ပွဲကို  စက်တင်ဘာ ၉ ရက်တွင် နယူးဂျာစီပြည်နယ်၌ ကျင်းပမည်ဖြစ်ပြီး ဝေါဒစ္စနေက ပိုင်ဆိုင်သည့် ABC ရုပ်သံက ထုတ်လွှင့်မည် ဖြစ်သည်။