မွေးရာပါ စအိုပေါက်မပါသည့် ရောဂါနှင့် ပတ်သက်ပြီး လူနာရှင် ကလေးငယ်မိဘများ နားလည်မှု လွဲနေခြင်းအပေါ် ရန်ကင်းကလေးဆေးရုံအုပ်ကြီး ရှင်းလင်း

မွေးရာပါ စအိုပေါက်မပါသည့် ရောဂါနှင့် ပတ်သက်ပြီး လူနာရှင် ကလေးငယ်မိဘများ နားလည်မှု လွဲနေခြင်းအပေါ် ရန်ကင်းကလေးဆေးရုံအုပ်ကြီး ရှင်းလင်း
Published 5 June 2018

မွေးရာပါ စအိုပေါက်မပါသည့် ရောဂါနှင့် ပတ်သက်ပြီး လူနာရှင် ကလေးငယ်မိဘများ နားလည်မှုလွဲနေခြင်းအပေါ် ရန်ကင်းကလေးဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်မြင့်ခိုင် ကမှ ဇွန် ၄ ရက်က ရှင်းလင်းပြောကြားခဲ့သည်။ ရန်ကင်း ကလေးဆေးရုံကြီးတွင် ယခုနှစ် (ဇန်နဝါရီ ) မှ (မေ) လအထိ ကလေးလူနာ တစ်ထောင်ကျော် တက်ရောက်ကုသခဲ့ပြီး ယင်းကုမှုများထဲတွင် စအိုပေါက် မပါသည့် ကလေး ၄၃ ယောက် တက်ရောက် ကုသခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ကလေးသုံးဦးအား ခွဲစိတ်ကုသထားပြီး ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ရှင်းလင်းရခြင်းမှာ ပြည်သူလူထုအချို့နှင့် မိဘများမှ အမြင်လွဲ၊ နားလည်မှုလွဲကာ ပြောဆိုကြခြင်းများကြောင့် ကုသမှုဖြစ်စဉ်များကို ရှင်းလင်းရခြင်းဖြစ်ကြောင်း ဆေးရုံအုပ်ကြီးက ပြောကြားသည်။

အဆိုပါ ကုသမှုပြုလုပ်ထားသည့် ကလေးသုံးဦးမှာ ခရမ်းဘက်မှ အသက် ၁၀ ရက်သားအရွယ် ကလေးတစ်ဦး၊ တနင်္သာရီ၊ မြိတ်ခရိုင်မှ အသက် (၂) နှစ်အရွယ် ကလေးတစ်ဦးနှင့် ဧရာဝတီတိုင်း၊ ငွေဆောင်မြို့နယ်မှ အသက် နှစ်လအရွယ် ကလေးငယ် တစ်ဦးတို့ ဖြစ်သည်။

“အခု ကလေးဆေးရုံမှာ၂၀၁၈ ဇန်နဝါရီကနေပြီးတော့ မေလအထိမှာဆိုရင် ကလေးလူနာ တစ်ထောင်ကျော် တက်ရောက်ပါတယ်။အဲ့ဒီထဲမှာ စအိုပေါက်မပါတဲ့ ကလေးလူနာက ၄၃ ယောက် ရှိပါတယ်။ တစ်ပတ်အတွင်းမှာ စအိုဝမပါတဲ့ လူနာကို ခွဲစိတ် ကုသပြီးတော့မှ ဆေးရုံကဆင်းတဲ့ လူနာသုံးဦး ရှိပါတယ်။ ဒီတစ်ပတ်အတွင်းမှာ ဆင်းပေးလိုက်တဲ့ လူနာက ၂၃ ရက်မှာ တစ်ယောက်၊၂၄ ရက်မှာ တစ်ယောက်နှင့် ၂၆ ရက်မှာ တစ်ယောက်က ဆေးရုံပေးဆင်းလိုက်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

“သူတို့တက်ရောက်တဲ့ အချိန်တုန်းက စအိုပေါက်မပါလို့ လာရောက်ကုသတယ်။ လာတက်တဲ့ အခါကျတော့ လူနာတစ်ယောက်ဆိုရင် ၂၀ ရက်မှာ လာတက်တယ်။ ခရမ်းဘက်ကပေါ့။ ၂၀ ရက် ညနေ့မှာပဲ အရေးပေါ်ခွဲစိတ်မှုတွေ လုပ်ပေးခဲ့တယ်။ ပြုစုကုသမှု၊ ခွဲစိတ်မှု လုပ်တဲ့ဆိုတာက စအိုပေါက်ကို တန်းဖောက်ပေးတာတော့ မဟုတ်ဘူး။ စအိုပေါက်က ဒီလိုအချိန်မှာ တန်းပြီး ဖောက်လို့ရတဲ့ အရွယ်မဟုတ်ဘူး။ သူ့အရွယ်ကလည်း ၁၀ ရက် သားလေးဖြစ်တဲ့အတွက် အစ်မတို့ဘက်က ဝမ်းလွှဲပေါက်၊ အူလမ်းကြောင်း လွှဲပေါက် လုပ်ပေးခဲ့ပါတယ်။ ၂၀ ရက်မှာပဲ လုပ်ပေးခဲ့ပြီးတော့ အားလုံးပြုစု ကုသမှုတွေ ဆေးကုသမှုတွေ၊ ခွဲစိတ်ကုသမှုပိုင်းဆိုင်ရာတွေ၊ ဆေးရုံက ဆင်းသွားတဲ့ အချိန်ထိပါ လိုအပ်တဲ့ ဆေးစစ်ချက်တွေကို အကုန်အခမဲ့ လုပ်ပေးခဲ့တယ်။၂၆ ရက်မှာ ဆေးရုံက ဆင်းတယ်။ နောက်တစ်ယောက်က ၁၄ ရက်မှာ လာတက်တယ်။ ၁၇ ရက်မှာ တန်းပြီးတော့ အူလမ်းကြောင်း လွှဲပေးပါတယ်။ ကောင်းသွားတဲ့အချိန်မှာ ၂၄ ရက်မှာ ဆင်းသွားတယ်။ နောက်တစ်ယောက် က ၁၈ ရက် လာတက်တာ။ ၂၃ ရက်မှာ ပေးဆင်းလိုက်တာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

အဆိုပါ လူနာများကို ကုသရာတွင် အဆင့်သုံးဆင့်ဖြင့် ကုသခြင်းဖြစ်ကြောင်း၊ ယင်းကုသမှုသည် ပထမအဆင့်သာ ရှိသေးကြောင်း၊ ပထမအဆင့် အနေဖြင့် ကုသရာတွင် လူနာ၏ အူလမ်းကြောင်း လွှဲပေါက်လုပ်ပေးခြင်း၊ ဒုတိယအဆင့် အနေဖြင့် စအိုပေါက် ဖောက်ခြင်းနှင့် တတိယအဆင့်မှာ လွှဲထားသည့် အူလမ်းကြောင်း လွှဲပေါက်အား ပြန်ပိတ်ခြင်းစသည့် အဆင့်သုံးဆင့်ဖြင့် ကုသရကြောင်း ၎င်းက ပြောကြားသည်။

“ဆရာမတို့ အနေနဲ့ အူလမ်းကြောင်း လွှဲပေါက်လုပ်တဲ့ အခါကျတော့ စအိုပေါက်ကို မဖောက်သေးဘူး။ ဘေးကနေပြီးတော့ပဲ ဝမ်းလွှဲပြီးတော့မှ အပေါက်ဖောက်ပေးလိုက်တယ်။ တချို့မိဘတွေအနေနဲ့က တန်းပြီးတော့ စအိုကို မဖောက်ပေးဘူး။ အပြင်ကနေ ဝမ်းသွားခိုင်းတယ်။ သူတို့ကို ဂရုမစိုက်ဘူးဆိုတဲ့ အမြင်လေးတွေ ရှိနေတာ ကြားသိရလို့ ပါ။ ဘေးကနေ လမ်းလွှဲဖောက်ပေးတယ် ဆိုတာသည် ခွဲစိတ်ကုသမှု အဆင့်သုံးဆင့်မှာ ပထမဆုံးအဆင့်ကို လုပ်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ နောက်ဆက်တွဲ ဒုတိယအဆင့်နဲ့ ဖောက်ထားပြီးသား လမ်းလွှဲပေါက်ကို ပြန်ပိတ်တဲ့ တတိယအဆင့်တွေကို ဒီကလေးတွေရဲ့ ရောဂါအခြေအနေကို ကြည့်ပြီးတော့ ဆက်လက် လုပ်ဆောင်ပေးသွားမှာပါ” ဟု ဒေါက်တာမြင့်မြင့်ခိုင်က ပြောကြားသည်။

ယင်းကလေးငယ်များကို နောက်ဆုံးအဆင့် ခွဲစိတ်ရန်အတွက် ခွဲစိတ်မှုစာရင်းတွင် ထည့်ထားပြီး ဖြစ်ကြောင်း၊ ပထမအဆင့် အူလမ်းကြောင်း လွှဲပေါက်လုပ်ပြီးပါက အနည်းဆုံး ခြောက်လမှ တစ်နှစ်ကြား ခွဲစိတ်မှု ပြုလုပ်ရသည့်အတွက် ယခုနှစ် ဒီဇင်ဘာတွင် ခွဲစိတ်ရန်အတွက် အဆင်သင့် လုပ်ထားပြီးဖြစ်ကြောင်း သိရသည်။

ယင်းဆေးရုံကြီးတွင် စအိုပေါက် မပါသည့် တက်ရောက်ကုသည့် ကလေးငယ်များမှာ ၂၀၁၇ ခုနှစ်တွင် ၄၅ ယောက် ရှိခဲ့ကြောင်း၊ ကလေး ငါးထောင်တွင် တစ်ယောက်နှုန်း ဖြစ်တက်ပြီး အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးစလုံးတွင် ဖြစ်တက်ကြောင်း ရန်ကင်းကလေးဆေးရုံကြီး၏ ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခညိုညိုဝင်းက ပြောကြားသည်။

ရန်ကင်းကလေးဆေးရုံကြီး၊ ကလေးခွဲစိတ်ကုသဆောင်ကို၂၀၁၆ ခုနှစ် ဇူလိုင်လတွင် ပြန်လည်ဖွင့်လှစ်သည့် အချိန်မှစ၍ နှစ်စဉ် လူနာဦးရေ သုံးထောင်ကျော် တက်ရောက် ကုသနေပြီး လက်ရှိတွင် ခွဲစိတ်ကုသဆရာဝန်အနေဖြင့် နှစ်ဦးသာ ရှိကြောင်း သိရသည်။