ဆေးဝါးစက်ရုံ (အင်းစိန်) ၊ ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး) တို့၏ ဆေးဝါးထုတ်လုပ်မှုမှ အသားတင်အမြတ် ကျပ် ၆ ဒသမ ၅ ဘီလျံနှင့် ဆေးဝါးစက်ရုံ (အင်ရောင်း) မှ ကျပ် ၃ ဒသမ၂ ဘီလျံစီ အမြတ်ရရှိ

ဆေးဝါးစက်ရုံ (အင်းစိန်) ၊ ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး) တို့၏ ဆေးဝါးထုတ်လုပ်မှုမှ အသားတင်အမြတ် ကျပ် ၆ ဒသမ ၅ ဘီလျံနှင့် ဆေးဝါးစက်ရုံ (အင်ရောင်း) မှ ကျပ် ၃ ဒသမ၂ ဘီလျံစီ အမြတ်ရရှိ
Published 5 June 2018

ဆေးဝါးစက်ရုံ (အင်းစိန်) ဝင်းအတွင်းရှိ ဆေးဝါးထုတ်လုပ်ရေး အဆောက်အအုံတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်း၏ ဆေးဝါးစက်ရုံ (အင်းစိန်) နှင့်   ဆေးဝါးစက်ရုံခွဲ(ရွာ သာကြီး) တို့မှ ဆေးဝါးထုတ်လုပ်မှုမှရရှိသည့် အသားတင်အမြတ် ကျပ် ၆ ဒသမ ၅ ဘီလျံ နှင့် ဆေးဝါးစက်ရုံ (အင်ရောင်း) မှ အသားတင်အမြတ် ကျပ် ၃ ဒသမ ၂ ဘီလျံစီ အမြတ်အစွန်းရရှိခဲ့ကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်းမှ သိရသည်။

ဆေးဝါးထုတ်လုပ်မှုသည် GMP Guidelines အတိုင်း တိကျစွာထုတ်လုပ်ရပြီး ဆေးတမယ်ချင်းစီအတွက် Master Formula နှင့် Standard Operating Procedure နှင့် အညီ တိကျစွာဆောင်ရွက်ရကြောင်း၊ ဆေးဝါးထုတ်လုပ်မှု အဆောက်အအုံနှင့် စက်ပစ္စည်းများအတွက်လည်း သတ်မှတ်ပြဋ္ဌာန်းချက်များစွာရှိသဖြင့် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကြီးမားပြီး အမှားအယွင်း အတိမ်းအစောင်းမခံသည့် လုပ်ငန်းဖြစ်ကြောင်း၊ ဘီပီအိုင်ဆေးဝါး ထုတ်လုပ်မှုသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ ပြည်တွင်းဆေးဝါးလို အပ်ချက်၏ ၁၀ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်နိုင်ခဲ့ပြီး စက်မှုဝန်ကြီးဌာန၏ ဆေးဝါးစက်ရုံများမှ ဆေးဝါးများ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးမြှင့်ထုတ်လုပ်ခဲ့ရာတွင်၂၀၁၇-၂၀၁၈  ဘဏ္ဍာနှစ်အတွင်း ဆေးဝါးစက်ရုံ (အင်းစိန်)၊ ဆေးဝါးစက်ရုံ (အင်ရောင်း) နှင့် ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး) တို့ မှ ကျပ်ငွေဘီလျံ ၅၀ တန်ဖိုးခန့် ထုတ်လုပ်နိုင်ခဲ့ရာ ပြည်တွင်းလိုအပ်ချက်၏ ၁၅ ရာခိုင်နှုန်းခန့် ဖြည့်တင်းလာနိုင်ကြောင်းနှင့် ပြည်တွင်းဆေးဝါးစက်ရုံများ စုစုပေါင်းထုတ်လုပ်မှုသည် ပြည်တွင်းလိုအပ်ချက်၏ ၂၀ ရာခိုင်နှုန်း ခန့်အထိရှိကြောင်း သိရသည်။

လက်ရှိဆေးဝါးစက်ရုံ (အင်းစိန်) တွင် ပြည်တွင်း၌ ထုတ်လုပ်နိုင်ခြင်းမရှိသည့် ဆေးဝါးအမယ်သစ်များကို တိုးချဲ့ထုတ်လုပ်လျက်ရှိပြီး အမေရိကန်နှင့် စပိန်နိုင်ငံတို့မှ ကျော်ကြားသည့် ဆေးထုတ်လုပ်ရေးကုမ္ပဏီများဖြင့် အကျိုးတူပူးပေါင်း၍ ဆေးထုတ်လုပ်ရေးလိုင်းသစ်များ ထပ်မံတိုးချဲ့လုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။

ဆေးဝါးစက်ရုံ (အင်းစိန်)တွင် ကင်ဆာရောဂါကုသဆေး (Oncology) ၊ ဗိုင်းရပ်စ်သတ်ဆေး (Anti Viral) နှင့်ရောဂါ ကာကွယ်ဆေး (Vaccine) ဆေးဝါးများကို အမေရိကန်နှင့် စပိန်နိုင်ငံတို့မှ ဆေးထုတ်လုပ်ရေးကုမ္ပဏီများဖြင့် အကျိုးတူပူးပေါင်း၍ ထပ်မံတိုးချဲ့လုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။

မြန်မာ့ဆေးဝါးလုပ်ငန်းအနေဖြင့် ၂၀၁၆- ၂၀၁၇ဘဏ္ဍာနှစ်အတွင်း ဆေးဝါးအမည်သစ်၂၄ မျိုးနှင့် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဆေးဝါးအမည်သစ် ၂၁မျိုးကို တီထွင်စမ်းသပ်ထုတ်လုပ်ခဲ့ရာ ဆေးဝါး ၁၇ မျိုးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA ၏ ခွင့်ပြုချက်ရရှိပြီးဖြစ်၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ဆေးဝါး ၁၇ မျိုးအနက် အိပ်ချ်အိုင်ဗွီ ရောဂါဝေဒနာရှင်များအတွက် ကုသဆေးဖြစ်သည့် Tenofovir (300mg) ဆေး၊ ဗက်တီးရီးယား ပိုးသတ်ဆေးများဖြစ်သည့် Cefalexin Capsule နှင့် Flocomox Capsule၊ ကင်ဆာဝေဒနာရှင်များအတွက် နာကျင်မှု သက်သာစေသော (Pain Killer) တစ်မျိုးဖြစ်သည့် Tramadol ကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်းနှင့်  အာရုံကြောနှင့် ကိုယ်ခံစွမ်းအား တိုးမြှင့်စေသော ဆေးဖြစ်သည့် Neurovit Injection ၊  နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါကုသဆေးဖြစ်သည့် Dopamine Injection ၊ သွေးတွင်းအဆီကျဆေး Rosuvastatin Caplet ၊ အစာအိမ်ရောဂါကုသဆေး Ranitidine Table ၊ လက်သန့် ဆေးရည် Hand Sanitize ၊ ဆေးငါးမျိုးကို FDA အတည်ပြုချက်ရရှိရေး လျှောက်ထားလျက်ရှိကြောင်း သိရသည်။

မြန်မာ့ဆေးဝါးလုပ်ငန်းအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် BPI ဆေးဝါး အရောင်းဆိုင်ပေါင်း ၈၉ ဆိုင် ဖွင့်လှစ်ထားသည်။

Most Read

Most Recent