အသည်းရောင်အသားဝါ 'စီ' ရောဂါလူနာများအား ဆေးကုသမှုစီမံချက်ကို ပြည်သူ့ဆေးရုံကြီး ခုနစ်ရုံအပြင် မြစ်ကြီးနား၊ မော်လမြိုင်ဆေးရုံတို့တွင် တိုးချဲ့လုပ်ဆောင်မည်

အသည်းရောင်အသားဝါ 'စီ' ရောဂါလူနာများအား ဆေးကုသမှုစီမံချက်ကို ပြည်သူ့ဆေးရုံကြီး ခုနစ်ရုံအပြင် မြစ်ကြီးနား၊ မော်လမြိုင်ဆေးရုံတို့တွင် တိုးချဲ့လုပ်ဆောင်မည်
Published 3 June 2018

အသည်းရောင်အသားဝါစီရောဂါ လူနာများအား ကုသပေးသည့်အစီအစဉ်တွင် တစ်ခုအပါအဝင်ဖြစ်သော ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

အသည်းရောင်အသားဝါ  'စီ'  ရောဂါလူနာများအား အခမဲ့ကုသပေးနေသည့် အမျိုးသား အသည်းရောင် အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေး စီမံချက်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ ပြည်သူ့ဆေးရုံကြီး ခုနစ်ရုံအပြင် ယခုနှစ်အတွင်း မြစ်ကြီးနားနှင့်မော်လမြိုင်ဆေးရုံတို့တွင် တိုးချဲ့လုပ်ဆောင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ သိရသည်။

“လူနာတစ်ဦးကို ကုန်ကျစရိတ်အားဖြင့် သိန်း၂၀ လောက်ကုန်တယ်။ အခုအစီအစဉ်မှာ  ရန်ကုန်ကဆေးရုံငါးရုံ၊ နေပြည်တော်၊ မန္တလေးကဆေးရုံတွေလည်း ပါတယ်။ ရန်ကုန်မှာဆို အထွေထွေရောဂါကုဆေးရုံကြီး၊ ခုတင် ၅၀၀၊ မြောက်ဥက္ကလာပဆေးရုံ၊ သာကေတ ဆေးရုံ၊ မင်္ဂလာဒုံဆေးရုံလည်းပါတယ်။ နေပြည်တော်နဲ့ မန္တလေးဆေးရုံကြီးလည်းပါတယ်။ ဆေးကုသမှုခံယူလိုသူတွေအနေနဲ့ ဒီဆေးရုံတွေမှာ ဆက်သွယ်ပြီး ရောဂါစစ်ဆေးမှုတွေ လာလုပ်ဖို့ လိုပါတယ်။ လူနာတွေက ဆေးရုံတက်ကုသဖို့မလိုတဲ့အတွက် လူနာရဲ့ ရောဂါဖြစ်ပွားမှုအခြေအနေပေါ်မူတည်ပြီးတော့ ဆေးဝါးတွေကို တစ်လစာ၊ သုံးလစာဆိုပြီး ပေးတာပါ”ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောကြားသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနနှင့်အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနတို့ ပူးပေါင်းပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ နိုင်ငံပိုင်ပြည်သူ့ဆေးရုံကြီး ခုနစ်ရုံမှ အသည်းရောင်အသားဝါစီပိုး ကူးစက်ခံထားရသူလူနာများကို ၂၀၁၇ ခုနှစ် ဇွန်လလယ်ပိုင်းမှစ၍ Pilot Program အဖြစ် အခမဲ့ကုသမှုပေးခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် ဧပြီလကုန်အတွင်း အသည်းရောင်အသားဝါ စီပိုးလူနာဦးရေ ၂၀၉၉ ဦးကို ကုသပေးနိုင်ခဲ့ပြီး ၁၇၃၀ ကုသမှု ကာလပြည့်မြောက်ခဲ့ပြီ ဖြစ်ကာ ၇၂၄ ဦး အသည်းရောင်အသားဝါစီပိုး လုံးဝပျောက်ကင်းခဲ့ကြောင်းနှင့် ယခင်က ဆေးကုသစရိတ်များစွာ ကုန်ကျခဲ့သည့် အသည်းရောင် အသားဝါစီပိုးကုသမှုသည် ယခုအခါ ကာလတိုနှင့် ကုန်ကျစရိတ်သက် သာစွာ ကုသနိုင်ပြီဖြစ်ကြောင်း သိရသည်။

ကုသပေးရာတွင် အသုံးပြုသည့် ဆေးများအနက် Daclatasvir  ဆေးကို အမေရိကန် နိုင်ငံအခြေစိုက် AmeriCares ကုမ္ပဏီက CHAI အဖွဲ့မှတစ်ဆင့် လှူဒါန်းပေးခဲ့ခြင်းဖြစ်ပြီး ကျန်ဆေးတစ်မျိုး Sofosbuvir နှင့် စမ်းသပ်မှုပစ္စည်းများကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရန်ပုံငွေမှ ကျပ်လေးဘီလျံခန့် အသုံးပြုပြီး  ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထပ်မံ၍ ၂၀၁၇-၂၀၁၈ ခုနှစ်အတွက်လည်း အသည်းရောင်အသားဝါစီပိုး ကုသရန် ဆေးဝါးများ ထပ်မံဝယ်ယူထားပြီး သက်ဆိုင်ရာ ကုသမှုဌာနများကို ဖြန့်ဖြူးနိုင်ရန် ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်နေကြောင်းနှင့် လက်ရှိဆေးရုံကြီး ခုနစ်ရုံအပြင် မြစ်ကြီးနား နှင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးများကိုပါ ကုသမှုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။