မုန်းတိုင်းငယ် ရခိုင်ပြည်နယ်သို့ ဝင်ရောက်နိုင်သဖြင့် ကယ်ဆယ်ရေးအတွက် အသင့်ပြင်ထားကြောင်း မီးသတ်ဦးစီးဌာန ထုတ်ပြန်

မုန်းတိုင်းငယ် ရခိုင်ပြည်နယ်သို့ ဝင်ရောက်နိုင်သဖြင့် ကယ်ဆယ်ရေးအတွက် အသင့်ပြင်ထားကြောင်း မီးသတ်ဦးစီးဌာန ထုတ်ပြန်
Published 29 May 2018

ကျောက်ဖြူမြို့တွင် လေတိုက်ခက်မှုကြောင့် သစ်ပင်အချို့ ပြိုလဲကျနေသည်အား တွေ့ရစဉ်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်းတိုင်းငယ် ရခိုင်ပြည်နယ်သို့ ဝင်ရောက်လာနိုင်သဖြင့် ကယ်ဆယ်ရေးအတွက် အသင့်ပြင်ထားကြောင်း မီးသတ်ဦးစီးဌာန ထုတ်ပြန်ထားပြီး ငါးဖမ်းလှေများအား ပင်လယ်ပြင်သို့ ထွက်ခွာခွင့် မပြုထားကြောင်း သိရသည်။

မီးသတ်ဦးစီးဌာန အနေဖြင့် အထွေထွေအုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့ဝင်တို့နှင့် ပူးပေါင်းကာ မုန်တိုင်း သတိပေးခြင်းများကို ရခိုင်ပြည်နယ် ၁၇ မြို့နယ်အတွင်း လုပ်ဆောင်ထားရှိပြီး လိုအပ်ပါက ကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တပြေးညီ လုပ်ဆောင်နိုင်ရန် စုဖွဲ့ထားကာ အသင့်အနေအထားတွင် ရှိကြောင်းလည်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် မာန်အောင်၊ ကျောက်ဖြူနှင့် တောင်ပိုင်းမြို့နယ် အသီးသီးတို့တွင်လည်း သတိချက်များ ထုတ်ပြန်ထားကာ ငါးလှေများနှင့် ကုန်စည်နှင့် ခရီးသည်တင် သင်္ဘောများ သွားလာမှုကိုလည်း ရပ်ဆိုင်ထားကြောင်း သိရှိရသည်။

“ကျွန်တော်တို့အနေနဲ့ကတော့ အသင့်အနေအထား လုပ်ဆောင်ထားတယ်။ လိုအပ်ရင် ကယ်တင်နိုင်ဖို့ လုပ်ထားတယ်။ ပြည်သူတွေကို အသိပေးမှုတွေ တောက်လျှောက်လုပ်နေတယ်။ မာန်အောင်မှာက လေတစ်ချက် တစ်ချက်တိုက်လိုက်၊ မိုးက သည်းလိုက် သာလိုက် ဖြစ်နေတယ်။ လောလောဆယ်တော့ အုန်းပင်ပိပြီး လူတစ်ဦး သေဆုံးသွားတာရှိတယ်။ တခြားပျက်စီးသွားတာ မျိုးတော့မရှိဘူး။ အဲဒီဘက်မှာလည်း လေနည်းနည်းကွင်းပြီး တိုက်သွားတော့ အိမ်မှာအိပ်နေတုန်း အိမ်ကိုအုန်းပင်ပိလို့ သေသွားတာပါ၊ နောက်ပြီး ငါးဖမ်းလှေတွေကိုလည်း တားမြစ်ထားတဲ့အတွက် ဘယ်သူမှ မထွက်ကြဘူး” ဟုလည်း မာန်အောင် မီးသတ်ဦးစီးဌာနမှ ဦးစီးမှုးက ပြောကြားခဲ့သည်။

ယင်းကြောင့် ကမ်းရိုးတန်းသွား အမြန်ရေယာဉ်လိုင်းများကိုလည်း ပိတ်ထားကြောင်း သိရှိရပြီး စစ်တွေမှ တောင်ပိုင်းသို့ ထွက်ခွာသည့် ရေကြောင်းလိုင်းများအား ယာယီရပ်နားထားကြောင်းလည်းသိရှိရသည်။

ကျောက်ဖြူဒေသခံ တစ်ဦးဖြစ်သူ ဦးသန်းဝင်းကလည်း “မိုးကတော့ နည်းနည်းရွာနေတယ်။ လေကတော့ သိပ်မပြင်းသေးဘူး။ တိုက်တော့တိုက်နေတယ်။ မုန်တိုင်းသတိပေး ထုတ်ပြန်ချက်တွေကိုလည်း ကြားနေရတယ်။ ဒါပေမယ့် မုန်းတိုင်းက ဘယ်လောက်ကြီးလာနိုင်တယ် ဆိုတာကို ပြည်သူတွေကတော့ သိချင်တာပေါ့။ ငါးဖမ်းလှေတွေကလည်း ဘယ်မှမထွက်ကြဘူး။ ချောင်းထဲမှာခို နေကြတယ်။ တစ်ချို့ကလည်း မုန်းတိုင်းဝင်နေပြီ ဘာညာ ရေးကြတော့ လူတွေ မျက်စိလည်ပြီး စိုးရိမ်မှုတွေ ရှိလာတတ်တယ်။ အဟုတ်အတိုင်း ရေးသားကြစေလိုတယ်” ဟုလည်းပြောကြားခဲ့သည်။

မုန်တိုင်းနှင့် ပတ်သက်ပြီး ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ တာဝန်ရှိသူ ဦးထင်ကျော်ကလည်း “ကျွန်တော်တို့ကတော့ ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ ပြည်တွင်းရေကြောင်း ရေယာဉ်အားလုံးကို ရပ်ထားပါတယ်။ ဘယ်သင်္ဘောမှ ဒီနေ့မထွက်ပါဘူး။ ဒီနေ့တစ်ရက်နဲ့ နက်ဖြန်တစ်ရက်ပေါ့၊ သင်္ဘောတွေကို ရောက်တဲ့နေရာမှာ ရပ်နားထားဖို့ ညွန်ကြားထားပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

ထို့အပြင် ဒီရေဝင်ရောက်မှုကြောင့် အမ်းမြို့နယ် သလူမော်ကျေးရွာတွင် ဒီရေတားတာဘောင် ကျိုးကျခဲ့သည့် အတွက် ရေပြည့်လျှံထွက်ကာ ကိုးနှစ်အရွယ် ကျောင်းသားတစ်ဦး သေဆုံးခဲ့ကြောင်းလည်း သိရသည်။

ကျောက်ဖြူမြို့တွင် သစ်ပင်များလဲကျမှု ရှိခဲ့ကြောင်း သိရပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် လေအနည်းငယ် ပြင်းထန်သော်လည်း မုန်တိုင်းဝင်ရောက်သည့် အဆင့်တွင် မရှိသေးကြောင်းလည်း ဒေသခံများက ဆိုသည်။

Most Read

Most Recent