လူမှုဖူလုံရေးအဖွဲ့က အကျုံးဝင် အာမခံ အလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို အဆင့်မြှင့်တင်နေပြီး ပြင်ပလူနာကုသမှု (OPD CARE) အတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် ပူးပေါင်းဆောင်ရွက်မည်

လူမှုဖူလုံရေးအဖွဲ့က အကျုံးဝင် အာမခံ အလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို အဆင့်မြှင့်တင်နေပြီး ပြင်ပလူနာကုသမှု (OPD CARE) အတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် ပူးပေါင်းဆောင်ရွက်မည်
Published 27 May 2018

ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ပြင်ပလူနာကုသဌာနကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ အနေဖြင့် အကျုံးဝင် အာမခံအလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး ပြင်ပလူနာကုသမှု (OPD CARE) အတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပူးပေါင်းဆောင် ရွက်လိုသည့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများကို ဖိတ်ခေါ်ထားကြောင်းနှင့် လူမှုဖူလုံရေး အဖွဲ့သည် အကျုံးဝင် မှတ်ပုံတင်ထားသော အာမခံ အလုပ်သမားများ မမာမကျန်းမှု၊ မီးဖွားမှု၊ အလုပ်ခွင် ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှု စသည့်လူမှုဒုက္ခများ ကြုံတွေ့ရသည့်အခါ အာမခံအလုပ်သမားများနှင့် မှီခိုသူမိသားစုများ လူမှုရေး အခက်အခဲ မဖြစ်ပေါ်စေရန်အတွက် ဆေးကုသပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့် ပြုခြင်းတို့ ကို ဆောင်ရွက်ပေးနေသော ‘လူမှုရေးအရ ဝန်ဆောင်မှုပေးသော အဖွဲ့အစည်းတစ်ခု’ ဖြစ်ကြောင်း သိရသည်။

လူမှုဖူလုံရေးအဖွဲ့ အနေဖြင့် မကျန်းမာမှုဖြစ်သော အချိန်တွင် ဆေးကုသမှုပေးခြင်း၊ ဝင်ငွေမရှိသော အချိန်တွင် ဝင်ငွေရှိလာရန် ထောက်ပံ့ကူညီပေးခြင်း၊ အလုပ်ကြောင့် ရောဂါဖြစ်ခဲ့ပါက ဆေးရုံတက် ကုသခွင့်ပေးခြင်း၊ မီးဖွားမှုအတွက် ထောက်ပံ့မှုများပေးခြင်း၊ လုပ်ငန်းခွင်တွင် မတော်တဆ ထိခိုက်မှုကြောင့် သေဆုံးခဲ့ပါက ကျန်ရစ်သူ အကျိုးခံစားခွင့်များ ထောက်ပံ့ပေးခြင်းများကို လုပ်ဆောင်ပေးလျက် ရှိကြောင်းနှင့် လူမှုဖူလုံရေးစနစ် အာမခံထားရှိရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များမှာ ကျန်းမာရေး စစ်ဆေးမှုခံယူရန်၊ ခန့်အပ်သည့် အလုပ်ကို စွမ်းဆောင်နိုင်ဖွယ် မရှိလျှင် လည်းကောင်း၊ နာတာရှည်ရောဂါ ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိလျှင်လည်းကောင်း လူမှုဖူလုံရေးဆေးရုံကြီး (သို့မဟုတ်) သက်ဆိုင်ရာ ကျန်းမာရေး ဦးစီးဌာနသို့ ရောဂါရှာဖွေနိုင်ရန် စေလွှတ်ခြင်း၊ ကုန်ကျစရိတ်ကို လုပ်ငန်းဌာန၏ အလုပ်သမားအတွက် ဖြစ်ပါက အလုပ်ရှင်ကသော် လည်းကောင်း၊ မိမိဆန္ဒအလျောက် အာမခံထားသူ ဖြစ်ပါက ကိုယ်တိုင်ကျခံရန်ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေ၏ ရည်ရွယ်ချက်များနှင့်အညီ လူမှုဖူလုံရေးစီမံကိန်းကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် လူမှုဖူလုံရေးဥပဒေ၏ အခန်း (၃) ပုဒ်မ (၄) (က) အရ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့အား အဖွဲ့ဝင် ၂၈ ဦးဖြင့် နိုင်ငံတော် သမ္မတရုံး၏ သဘောတူ ခွင့်ပြုချက်အရ ဝန်ကြီးဌာန၏ အမိန့်ကြေညာစာအမှတ် (၅၄/၂၀၁၃) ဖြင့် ၂၀၁၃ ခုနှစ် ဇွန် ၁၉ ရက်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ယခုအခါ ဝန်ကြီးဌာနများ၊ ဦးစီးဌာနနှင့် အဖွဲ့အစည်းများ ပြင်ဆင်ပြောင်းလဲ ဖွဲ့စည်းခြင်းများ ရှိပါသဖြင့် ပြောင်းလဲနေသည့် အခြေအနေများနှင့်အညီ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အဖွဲ့သစ်ကို အဖွဲ့ဝင် ၂၀ ဖြင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၁၉၁/၂၀၁၇) ဖြင့်ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။