ရန်ကုန်တိုင်းအတွင်းရှိ ကျောင်းမတက်နိုင်သည့် ကလေးများကို လိုက်လံစစ်ဆေးပြီး ကျောင်းပြင်ပပညာရေးနှင့် သက်မွေးကျောင်းများတွင် သင်ကြားနိုင်ရန် ဆောင်ရွက်ထားဟုဆို

ရန်ကုန်တိုင်းအတွင်းရှိ ကျောင်းမတက်နိုင်သည့် ကလေးများကို လိုက်လံစစ်ဆေးပြီး ကျောင်းပြင်ပပညာရေးနှင့် သက်မွေးကျောင်းများတွင် သင်ကြားနိုင်ရန် ဆောင်ရွက်ထားဟုဆို
Published 26 May 2018

၂၀၁၈-၂၀၁၉ ပညာသင်နှစ်  ရန်ကုန်တိုင်းအတွင်းရှိ ကျောင်းမတက်နိုင်သော ကလေးများကို လိုက်လံစစ်ဆေးပြီး ကျောင်းပြင်ပ ပညာရေးနှင့် သက်မွေးကျောင်းများတွင် သင်ကြားနိုင်ရန် ဆောင်ရွက်ထားကြောင်း ၂၀၁၈-၂၀၁၉ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေက ပြောကြားသည်။

အဆိုပါအခမ်းအနားကို မေ၂၅ ရက်က အ.ထ.ကအလုံ (၄) တွင်ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတက်ရောက်ခဲ့သည်။

“ကျောင်းနေ အရွယ်ကလေးတိုင်း မနှစ်က ကျောင်းသားကို ပြန်လည်လက်ခံနိုင်ရေး နှင့် ငါးနှစ်ပြည့်၊ ခြောက်နှစ်ပြည့်ကလေးတိုင်း၊ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ကလေးတိုင်း တစ်ဦးတစ်ယောက်မှ  မကျန်နိုင်ရေးအတွက် လက်ခံဆောက်ရွက်သွားပါမယ်” ဟု  ရန်ကုန် တိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေက ပြောကြားသည်။

“မိသားစု စားဝတ်နေရေးကို သူလုပ်နေတယ်ဆိုရင် ကျောင်းပြင်ပမှာ သူတက်နိုင်မလား။ ချိတ်ဆက်ပေးမယ်။ ရှစ်တန်းအောင်ပြီး  ကိုးတန်းကျောင်းသားအဖြစ် ပညာသင်ကြား ခြင်းမရှိဘူးဆိုရင် ပညာရေးဝန်ကြီးဌာနအနေနဲ့ သက်မွေးကျောင်းတွေကို တိုးချဲ့ဖွင့်လှစ်ထားတဲ့ ချိတ်ဆက် ဆောင်ရွက်ပေးဖို့လည်းရှိတယ်။ အပ်မှတက်လို့ရတာမဟုတ်ဘူး။ စာရင်းသွင်းတာနဲ့ တက်လို့ရပြီ။ စာရင်းသွင်းတဲ့ အချိန်တိုင်းလက်ခံသွားမယ်” ဟု ရန်ကုန်တိုင်း ဒေသကြီးပညာရေးမှူး ဒေါ်ခင်မာဆွေ က ပြောကြားသည်။

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသို့ ရောက်ရှိမလာသည့်ကလေးများကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ လူမှုရေးအဖွဲ့အစည်း စသူတို့နှင့် ပူးပေါင်းကာ လိုက်လံ ကောက်ခံ ဆောင်ရွက်သွားမည်ဖြစ်ပြီး မိဘများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကာ ကျောင်းအပ်နှံပေးစေလိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၇-၂၀၁၈တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ကျောင်းနေခဲ့သည့် ကလေးပေါင်း ၁၀ သိန်းကျော်ရှိပြီး မူလတန်းကလေးပေါင်း ၅၇၀၀၀၀ ရှိခဲ့သည်ဟု အဆိုပါ အခမ်းအနားမှ သိရသည်။

၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းပေါင်း  ၄၆၄၆၈ ကျောင်းရှိရာ ကျောင်းသား၊ ကျောင်းသူပေါင်း ၉ ဒသမ ၆ သန်းကျော်ရှိ သည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရသည်။