သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာရှိ စာကျက်ဝိုင်းတွင် ကြမ်းပိုးဆေးဖျန်းထားသည်ကို ရှူရှိုက်မိသည့် ကျောင်းသား ၁၅ ဦးခန့် အဆိပ်သင့်မှု ဖြစ်ပွား

သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာရှိ စာကျက်ဝိုင်းတွင် ကြမ်းပိုးဆေးဖျန်းထားသည်ကို ရှူရှိုက်မိသည့် ကျောင်းသား ၁၅ ဦးခန့် အဆိပ်သင့်မှု ဖြစ်ပွား
Published 21 May 2018

ရငဲတိုက်နယ်ဆေးရုံမှတစ်ဆင့် ထားဝယ်ပြည်သူ့ဆေးရုံသို့ လူနာများလွှဲပြောင်းနေစဉ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာရှိ စာကျက်ဝိုင်းတွင် မေ ၂၀ ရက် ညက ကြမ်းပိုးဆေးဖျန်းထားသည်ကို ရှူရှိုက်မိသည့် ကျောင်းသား ၁၅ ဦးခန့် အဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း ကနဦးအခြေအနေများအရ သိရသည်။

မေ ၂၀ ရက် နံနက်ပိုင်းက ယင်းကျေးရွာရှိ စာကျက်ဝိုင်း ပြုလုပ်သည့်နေအိမ်၌ ကြမ်းပိုးသတ်ဆေး ဖျန်းထားခဲ့ပြီး ညပိုင်းတွင် ကိုးတန်းနှင့် ၁၀ တန်း တက်ရောက်မည့်ကျောင်းသား ၂၀ ကျော်ခန့် စာကျက်ဝိုင်းသို့ ရောက်ရှိလာခဲ့ကြောင်း၊ ထို့နောက် ကျောင်းသားများ စာကျက်နေစဉ် ကျောင်းသားများ တစ်ဦးပြီးတစ်ဦး မူးဝေအော့အန်မှုဖြစ်ပွားခဲ့၍ ရငဲတိုက်နယ် ဆေးရုံသို့တင်ပို့ခဲ့ရပြီး ၎င်းဆေးရုံမှတစ်ဆင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် လူနာတင်ယာဉ်များဖြင့် တင်ပို့ခဲ့ရသည်ဟု သိရသည်။

လက်ရှိ အခြေအနေအရ အဆိပ်သင့်မှု ဖြစ်ပွားခဲ့သည့် ကျောင်းသား ၁၅ ဦးအား သရက်ချောင်းမြို့နယ်အတွင်းမှ အရေးပေါ်လူနာတင်ယာဉ်များအပြင် ဇမ္ဗူသီရိ အရေးပေါ်လူနာတင်ယာဉ်အဖွဲ့မှ လူနာတင်ယာဉ် ၇ စီး စုစုပေါင်းလူနာတင်ယာဉ် ၁၅ စီးဖြင့် ရငဲတိုက်နယ်ဆေးရုံမှ ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ညတွင်းချင်း လွှဲပြောင်းတင်ပို့ပေးခဲ့ကြောင်း၊ ယင်းလူနာ ၁၅ ဦးမှာ အသက် ၁၄ နှစ်မှ ၁၈ နှစ်အတွင်းရှိ မိန်းကလေးများဖြစ်ပြီး ရင်ဘတ်အောင့်၊ အသက်ရှုကြပ်၊ မူးဝေအော့အန်ခြင်းများ ခံစားနေသော်လည်း လက်ရှိအနေအထားအရ အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေ မရှိတော့ကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာတင်ယာဉ်အဖွဲ့ထံမှ သိရသည်။ ထို့အပြင် ရငဲတိုက်နယ်ဆေးရုံ၌လည်း ထပ်မံရောက်ရှိလာသည့် လူနာ သုံးဦးကို ကုသမှှုပေးနေပြီး အခြေအနေကို စောင့်ကြည့်နေကြောင်း ကနဦး သတင်းများအရ သိရသည်။