တနင်္သာရီတိုင်းဒေသကြီးအတွင်း တည်ဆောက်ရေးလုပ်ငန်း နှစ်ခုတွင် သုံးစွဲထားသည့် ပစ္စည်းများ အရည်အသွေး မပြည့်မီကြောင်း စစ်ဆေးတွေ့ရှိ၍ ကုမ္ပဏီနှစ်ခုအား လုပ်ငန်းရပ်ဆိုင်းစေခဲ့

တနင်္သာရီတိုင်းဒေသကြီးအတွင်း တည်ဆောက်ရေးလုပ်ငန်း နှစ်ခုတွင် သုံးစွဲထားသည့် ပစ္စည်းများ အရည်အသွေး မပြည့်မီကြောင်း စစ်ဆေးတွေ့ရှိ၍ ကုမ္ပဏီနှစ်ခုအား လုပ်ငန်းရပ်ဆိုင်းစေခဲ့
Published 19 May 2018

တနသာၤရီတိုင်းဒေသကြီး အတွင်းရှိ အစိုးရဘတ်ဂျက်ဖြင့် ဆောင်ရွက်နေသော လုပ်ငန်းတစ်ခုကို တွေ့ရစဉ်

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ပြီးခဲ့ သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်း နှစ်ခု၌ သုံးစွဲထားသည့် ပစ္စည်းများမှာ အရည်အသွေး မပြည့်မီကြောင်း စစ်ဆေးတွေ့ရှိရ၍ ကုမ္ပဏီနှစ်ခုကို လုပ်ငန်းရပ်ဆိုင်း စေခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က တိုင်းဒေသကြီး အစိုးရအဖွဲ့က လုပ်ငန်းရပ်နားခိုင်းခဲ့သည့် ကုမ္ပဏီနှစ်ခုမှာ သရက်ချောင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ်ရှိ အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တည်ဆောက်နေသည့် အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းနှစ်ခု၌ အသုံးပြုထားသည့် တည်ဆောက်ရေး ပစ္စည်းများ အရည်အသွေး မပြည့်မီမှုကြောင့်ဖြစ်ကြောင်း၊ ယင်းကုမ္ပဏီများကို ခွင့်ပြုထားသည့် လုပ်ငန်းတန်ဖိုးကို ပြန်လည်ပေးလျော်စေသည့် ဒဏ်ရိုက်သော အရေးယူမှုမျိုး မရှိသော်လည်း ကုမ္ပဏီက အဆောက်အအုံအတွက် သုံးစွဲထားသော ဆောက်လုပ်ရေးသုံး ပစ္စည်းများ၏ တန်ဖိုးကိုသာ တွက်ချက်၍ ပြန်လည်ပေးအပ်ကာ ဒဏ်ရိုက်သည့်အနေဖြင့် လုပ်ငန်းရပ်နား ခိုင်းခဲ့ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြောကြားသည်။

“ကျွန်တော်တို့လက်ထက်မှာ Black List ကုမ္ပဏီက မရှိသလောက်ပဲ။ ဒါပေမဲ့ လက်ရှိလုပ်နေတဲ့ အလုပ်မှာ အရည်အသွေး မပြည့်လို့ ရပ်နားခိုင်းလိုက်တဲ့ ကုမ္ပဏီတွေတော့ ရှိတယ်။ အလုပ်ကို ဆက်မလုပ်ခိုင်းဘဲ ရပ်နားခိုင်းလိုက်တဲ့ အနေအထားမျိုးတော့ရှိတယ်။ Black List သွင်းတာမျိုးတော့မရှိဘူး။ ပြီးခဲ့တဲ့နှစ်မှာ လုပ်ငန်းရပ်ခိုင်းလိုက်တဲ့ ကုမ္ပဏီနှစ်ခုရှိတယ်။ ကုမ္ပဏီနာမည်ကတော့ သူ့ရဲ့သိက္ခာရှိသေးတော့ မပြောလိုဘူး။ ရပ်နားခိုင်းလိုက်တဲ့ ကုမ္ပဏီကို ထပ်ပြီးဆောက်လုပ်ခွင့် ပေးမလား ဆိုတာကတော့ ကျွန်တော်တို့က တည်/ကော်အဖွဲ့ အဆုံးအဖြတ်ထက် တကယ်လို့ သူတင်ဒါဝင်ပြိုင်တဲ့ အချိန်မှာ တင်ဒါမှာ သူ့ရဲ့ယှဉ်ပြိုင်မှုအပေါ်မှာ ကြည့်ပြီးတော့ Cabinet က ဆုံးဖြတ်မှာပေါ့။ တင်ဒါယှဉ်ပြိုင်မှုမှာ အမှတ်တွေ လျော့သွားနိုင်တာပေါ့။ ဒါက စဉ်းစားသုံးသပ်ရမယ့် အချက်ထဲ ပါသွားတာပေါ့” ဟု တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြောကြားသည်။ ထို့ပြင် လာမည့် ဘဏ္ဍာနှစ်များတွင်လည်း အစိုးရအဖွဲ့  ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများ၌ အရည်အသွေး မပြည့်မီကြောင်း စစ်ဆေး၍ တွေ့ရှိပါက လုပ်ငန်းကို ရပ်နားစေမည်ဖြစ်ပြီး ဒုတိယ တင်ဒါအောင်မြင်သည့် ကုမ္ပဏီ သို့မဟုတ် သက်ဆိုင်ရာဌာနသို့ အပ်နှံပြီး ကြီးကြပ်ဆောင်ရွက် သွားစေမည်ဟု ၎င်းကဆက်လက် ပြောကြားသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့၏ Black List သွင်းခြင်းခံရသည့် ကုမ္ပဏီများမှာ ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကုမ္ပဏီ နှစ်ခု၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကုမ္ပဏီသုံးခုနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကုမ္ပဏီ နှစ်ခုရှိခဲ့ပြီး လျှပ်စစ်၊ စက်မှု၊ ကျေးလက်၊ ကျန်းမာရေးနှင့် နယ်စပ်ရေးရာ စသည့်ဦးစီးဌာနများ၏ လုပ်ငန်းများမှ တင်ဒါခေါ်ယူ လုပ်ကိုင်စေသည့် လုပ်ငန်းများတွင် လုပ်ကိုင်ခဲ့သည့် ကုမ္ပဏီများဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်မှစ၍ ပြည်ထောင်စု/တိုင်း ဒေသကြီး ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဖြစ်စေရေး လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများအား စိစစ်ကြပ်မတ်နိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီး တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် မှတ်ပုံတင်စေခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent