Pearl Garment အထည်ချုပ်စက်ရုံမှ အလုပ်သမားများ အလုပ်သမားအခွင့်အရေး မရရှိသဖြင့် စက်ရုံရှေ့ ဆန္ဒထုတ်ဖော်

Pearl Garment အထည်ချုပ်စက်ရုံမှ အလုပ်သမားများ အလုပ်သမားအခွင့်အရေး မရရှိသဖြင့် စက်ရုံရှေ့ ဆန္ဒထုတ်ဖော်
Published 18 May 2018

ဓာတ်ပုံ-အောင်မျိုးသန့်

Pearl Garment အထည်ချုပ်စက်ရုံမှ အလုပ်သမားများ အလုပ်သမားအခွင့်အရေးများ မရရှိသဖြင့် စက်ရုံရှေ့တွင် ဆန္ဒထုတ်ဖော်မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အလုပ်သမားများ ဆန္ဒထုတ်ဖော်နေသည့် စက်ရုံမှာ လှိုင်သာယာစက်မှုဇုန် ကျန်စစ်သားလမ်း၌ တည်ရှိပြီး ဆန္ဒထုတ်ဖော်မှုတွင် စက်ရုံမှအလုပ်သမား ၁၀၀ ခန့်ပါဝင်ခဲ့ကာ စက်ရုံရှေ့တွင် မေ ၁၀ ရက်မှစတင်ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်လျက်ရှိသည့် အလုပ်သမားများ၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ မေ ၁၀ ရက်ကတည်းက ဆန္ဒပြတာပါ။ ဒီနေ့မှာတော့ စက်ရုံထဲမှာ အလုပ်သမား ၇၀ လောက်ရှိတယ်။ အပြင်ကဆန္ဒပြတဲ့ အလုပ်သမားတွေကတော့ ဒီနေ့ညနေပိုင်းက စပြတာပါ။ အထဲမှာကတော့ ဒီနေ့မှ ပိတ်မိတာပါ။ အဓိကတော့ တစ်နေ့လုပ်ခ ၄၈၀၀ အပါအဝင် အလုပ်သမားအခွင့်အရေး ခြောက်ချက်ကို တောင်းဆိုထားတယ်။ မနက်ဖြန် တစ်နေကုန် အပြီးသတ်ညှိနှိုင်းဖို့ ပြောထားပါတယ်” ဟု အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ဦးဆောင်ပါဝင်သူတစ်ဦးက ပြောကြားသည်။

ထိုသို့ စက်ရုံရှေ့တွင် အလုပ်သမားအချို့က ဆန္ဒထုတ်ဖော်လျက်ရှိသဖြင့် ကျန်ရှိသည့် အလုပ်သမားအချို့မှာ စက်ရုံအတွင်း ပိတ်မိလျက်ရှိကြောင်းသိရပြီး အဆိုပါဆန္ဒပြမှုမှာ မေ ၁၇ ရက် ည ၁၂ နာရီအထိ ဆန္ဒပြအလုပ်သမားများ စက်ရုံရှေ့၌ ရှိနေကြောင်း သိရသည်။

အလုပ်သမားဥပဒေပါ ပြဌာန်းချက်များအရ ပြည်တွင်းအလုပ်သမားများ၏ လုပ်ခလစာအား နှစ်နှစ်တစ်ကြိမ် ပြန်လည်သုံးသပ်ရမည်ဖြစ်သဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် မေ ၁၄ ရက်မှစ၍ အနည်းဆုံးအခကြေးငွေအား တစ်နာရီ ကျပ် ၆၀၀၊ ရှစ်နာရီ (တစ်ရက်) ကျပ် ၄၈၀၀ ပေးအပ်ရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။