တနိုင်းဒေသ အောင်လောဒ်ကျေးရွာမှ ထွက်ပြေးနေသူများ တနိုင်းမြို့နှင့် မြစ်ကြီးနားမြို့များသို့ လူဦးရေ ၄၀၀ ကျော် ရောက်ရှိလာ

တနိုင်းဒေသ အောင်လောဒ်ကျေးရွာမှ ထွက်ပြေးနေသူများ တနိုင်းမြို့နှင့် မြစ်ကြီးနားမြို့များသို့ လူဦးရေ ၄၀၀ ကျော် ရောက်ရှိလာ
Published 10 May 2018

တနိုင်းဒေသ အောင်လောဒ်ကျေးရွာမှ ထွက်ပြေးနေသူများ တနိုင်းမြို့နှင့် မြစ်ကြီးနားမြို့များသို့ လူဦးရေ ၄၀၀ ကျော် မေ ၈ ရက် နှင့် ၉ ရက်က ရောက်ရှိလာကြောင်း သိရသည်။ အောင်လောဒ်ကျေးရွာမှ စစ်ဘေးရှောင်များသည် မြစ်ကြီးနားမြို့သို့ မေ ၈ ရက် နှင့် ၉ ရက်များတွင် ရောက်ရှိလာသည့် စာရင်းအရ လူဦးရေ ၂၄၀ ရှိပြီး မြစ်ကြီးနားမြို့ နောင်နန်းရပ်ကွက်၊ ဂျော်မဆပ် ဘုရားကျောင်းတွင် နေရာချထားပေးခဲ့သည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် စစ်ဘေးရှောင်ကူညီရေးကော်မတီအဖွဲ့မှ ဦးခါးလီက “မြစ်ကြီးနားကို ၂၄၀ ဝန်းကျင် ရောက်နေတယ်။ စာရင်းက မငြိမ်သေးဘူး။ ထပ်ထပ်ရောက်နေလို့၊ ခရီးပန်းလို့ ဖျားကြ၊ နာကြတာတွေ ရှိတယ်။ သက်ကြီးနဲ့ ကလေး သူငယ်မွေးကာစတွေမပါဘူး။ ကျန်ခဲ့တယ်နဲ့တူတယ်။ လက်ရှိမှာ အားလုံးစုပေါင်းပြီး နေစရာ၊ စားစရာ၊ ကျန်းမာရေးထောက်ပံ့မှု ပေးထားတယ်။ တနိုင်းဘက်ကိုလည်း လူ ၂၀၀ ရာကျော်တအက်တယ်လို့ ပြောတယ်။ ဘယ်လိုအခြေအနေဆိုတာ မသိရသေးဘူး” ဟု ပြောကြားသည်။

မေ ၉ ရက်ညနေပိုင်းစာရင်းအရ အောင်လောဒ်ကျေးရွာမှ ထွက်ပြေးနေသူများကို လီဒိုလမ်းမကြီးပေါ်တွင် မွန်းလွဲပိုင်းက သွားရောက်ခေါ်ဆောင်လာခဲ့ပြီး တနိုင်းမြို့သို့ လူဦးရေ ၂၆၈ ဦးရောက်ရှိနေပြီးအများစုမှာ ရိုမန်ကက်သလစ်ဘုရားကျောင်း (RC) ကျောင်းများတွင် ခိုလှုံနေပြီး နေရာချထားရေး၊ ကူညီရေးအတွက် အစည်းအဝေး လုပ်နေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းလင်းဦးက ဆိုသည်။

ကချင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဧပြီလအတွင်း စစ်ဘေးရှောင်ပေါင်း သုံးထောင်ကျော်ရှိကြောင်း အစိုးရစာရင်းများအရ သိရသည်။ မေ ၁ ရက်စာရင်းအရ မြစ်ကြီးနားမြို့နယ်  တီယန်ဇွတ် နှစ်ခြင်းအသင်းတော်တွင် ၁၃၀ ဦး၊ တန်ဖဲ RC ဘုရားကျောင်းတွင် ၁၀၀၂ ဦး၊ နောင်နန်း ထရီနတီဘုရားကျောင်း တွင် ၅၁၃ ဦး၊ နမ္မတီးမြို့တွင် ၁၇၃ ဦး၊ ကံလှကျေးရွာတွင် ၈၁ဦး၊ အောင်လောဒ်ကျေးရွာမှ ၁၃၆ ဦး၊ နမ္မတီးလမ်းဆုံဘုရားကျောင်း နှစ်ခုတွင် ၁၀၄၃ ဦး ရှိနေကြောင်း၊ စုစုပေါင်း ၃၀၇၈ ဦးရှိကြောင်း သိရသည်။