SME စာရင်းများကောက်ယူရာတွင် တာဝန်ကျေကောက်ယူနေသဖြင့် လွဲမှားနိုင်သောကြောင့် ထိန်းကျောင်းပေးစေလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ပြောကြား

SME စာရင်းများကောက်ယူရာတွင် တာဝန်ကျေကောက်ယူနေသဖြင့် လွဲမှားနိုင်သောကြောင့် ထိန်းကျောင်းပေးစေလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 10 May 2018

SME စာရင်းများကောက်ယူရာတွင် တာဝန်ကျေကောက်ယူနေသဖြင့် လွဲမှားနိုင်သောကြောင့် ထိန်းကျောင်းပေးစေလိုကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားသည်။

မေ ၈ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၅ ရက်မြောက်နေ့)တွင် “ရန်ကုန်တိုင်းဒေသကြီးအတွင်း စီးပွားရေး ပိုမိုဖွံ့ဖြိုးရေးတိုးတက်စေရေးနှင့် ကုန်ဈေးနှုန်းကျဆင်းရေးတို့အတွက် တိုင်းဒေသကြီးနှင့် ဆိုင်သောစီမံချက်၊ စီမံကိန်းများ ချမှတ်အကောင်အထည်ဖော်ဆောင်ရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့်ပတ်သက်၍ ဆက်စပ်မေးခွန်းမေးမြန်းရာတွင် လွှတ်တော်ကိုယ်စားလှယ်လှဌေးက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“SME စာရင်းကောက်ယူမှုတွေဟာ စနစ်ကျခြင်းမရှိပါဘူး။ ကောက်ယူနေတဲ့သူတွေက တာဝန်ကျေ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်နေကြတာကို ကျွန်တော်တို့တွေ့ကြရပါတယ်။ သူတို့ကိုယ်တိုင်က SME ဆိုတာ ဘာကိုမှနားမလည်ဘဲနဲ့ တာဝန်ကျေ ကောက်ယူနေတဲ့အတွက်ကြောင့် စစ်မှန်တဲ့ SME အတွက် အကူအညီမရောက်ရှိဘဲ လွဲမှားနိုင်တာကိုလည်း ထိန်းကျောင်းပေးစေလိုပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ်ဦးလှဌေးက ပြောကြားသည်။

ထို့ပြင် SME အစစ်အမှန်များကို တွန်းအားပေးမြေတောင် မြှောက်ပေးရန်လည်းလိုကြောင်း၊ တိုင်းပြည်အတွက်လည်း ရှေးရှုပြီး ရိုးသားသည့် လုပ်ငန်းရှင်အသစ်ဖော်ထုတ် ပေးရန်လိုကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ ဆက်စပ်မေးခွန်းအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြန်လည်ဖြေကြားရာတွင် “SME များ စနစ်တကျ ပြန်လည်ကောက်ယူနိုင်ရေးအတွက်ကိုလည်း ပြန်လည်စိစစ်ပါမယ်။ သက်ဆိုင်ရာ မြို့နယ်များအလိုက် စာရင်းကောက်ခံပြီးလို့ရှိရင် အဲဒီစာရင်းများကို သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များရဲ့ အတည်ပြုချက်ကို ရယူပါမယ်။ အဲဒါကြောင့် မြို့နယ်အလိုက် SME စာရင်းများကို စုစည်းပြီးတော့သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များကို အသိပေးဆောင်ရွက်ပါမယ်” ဟု ပြောကြားသည်။

ထို့ပြင် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် သီးခြားစီမံချက်ချ၍ လုပ်ဆောင်ရန်အစီအစဉ်မရှိပါကြောင်း၊  ရန်ကုန်တိုင်းဒေသကြီး ဒေသန္တရစီမံကိန်းအရ အချက်အလက်များကို အကောင်အထည်ဖော်ဆောင်ရွက်ပါက ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စီးပွားရေး ဖွံ့ဖြိုးလာချိန်တွင် ကုန်ဈေးနှုန်းကျဆင်းလာမည်ဖြစ်ကြောင်း ဝန်ကြီးဦးမြင့်သောင်းက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း SME စာရင်းများကို ကောက်ယူထားပြီးဖြစ်ပြီး မကြာမီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အစီအစဉ်အရ SME လုပ်ငန်းပေါင်း ၁၀၀ ခန့်ကို ရွေးချယ်၍ ချေးငွေများ ရရှိရန်စီစဉ်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစားလုပ်ငန်းရှင်များအတွက် စမတ်ကတ်များကို ထုတ်ပေးခြင်းအား ၂၀၁၈ ခုနှစ် နှစ်စပိုင်းတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။