လက်ရှိအစိုးရအနေဖြင့် ကျန်ရှိသုံးနှစ်အတွင်း မြန်မာနိုင်ငံ၏ အဓိကလိုအပ်သည့် အခြေခံအဆောက်အအုံအပိုင်းကို တစိုက်မတ်မတ် ဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

လက်ရှိအစိုးရအနေဖြင့် ကျန်ရှိသုံးနှစ်အတွင်း မြန်မာနိုင်ငံ၏ အဓိကလိုအပ်သည့် အခြေခံအဆောက်အအုံအပိုင်းကို တစိုက်မတ်မတ် ဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 10 May 2018

Yangon Investment Forum တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမှာစကားပြောကြားနေစဉ်

လက်ရှိအစိုးရအနေဖြင့် ကျန်ရှိနေသည့် သုံးနှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ အဓိကလိုအပ်သည့် အခြေခံအဆောက်အအုံအပိုင်းကို တစိုက်မတ်မတ်ဦးစားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက မေ ၉ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် ကျင်းပသည့် Yangon Investment Forum တွင် ပြောကြားသည်။

“မြန်မာနိုင်ငံအနေနဲ့ လက်ရှိအစိုးရ သက်တမ်းကျန်ရှိနေတဲ့ သုံးနှစ်တာကာလအတွင်းမှာ မြန်မာနိုင်ငံရဲ့ အဓိကလိုအပ်တဲ့ အခြေခံအဆောက်အအုံအပိုင်းကို တစိုက်မတ်မတ် ဦးစားပေးပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အချို့အချို့သော စီမံကိန်းများဟာ နှစ်နှစ်၊ သုံးနှစ်တန်သည် မပြီးနိုင်တဲ့ စီမံကိန်းများရှိသော်ငြားလည်း နောင်အစိုးရသက်တမ်းတွေမှာ ဆက်လက်ပြီးမြောက်အောင် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအတွက် မဖြစ်မနေလိုအပ်တဲ့ စွမ်းအင်နဲ့ လျှပ်စစ်ဓာတ် အားကိစ္စတွေ ကူးသန်းသွားလာရေးနဲ့သယ် ယူပို့ဆောင်ရေးအတွက် အရေးကြီးတဲ့ လမ်းတံတား ကိစ္စတွေဒါတွေက ကျွန်တော်တို့ ဦးစားပေးဆောင်ရွက်မယ့် နယ်ပယ်တွေထဲမှာ ရှိနေပါတယ်။ ဒီနည်းတူပဲ မြန်မာနိုင်ငံထဲမှာ  တောင်နဲ့မြောက်စီးဆင်းနေတဲ့ မြစ်ကြီးတွေ။ ဒီမြစ်ကြီးတွေရဲ့ မြစ်ဝှမ်းတစ်လျှောက် ဝဲယာတွေမှာရှိတဲ့ လုပ်ငန်းနေရာတွေဟာ ကျွန်တော်တို့အတွက် ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်းတွေ မြောက်မြားစွာရှိနေတဲ့ နေရာတွေလို့လည်း တင်ပြလိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။

“ဒါကြောင့် ဒီနေ့ကျင်းပတဲ့ဖိုရမ်မှာ တက်ရောက်လာတဲ့ ပုဂ္ဂိုလ်အားလုံး မိမိတို့  စိတ်အားသန်ရာနေရာ အာရုံဝင်စားရာ နေရာတွေမှာ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းနဲ့ ညှိနှိုင်းဆွေးနွေးပေးခြင်းအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပေါ်ပေါက်လာမယ့် အခွင့်အလမ်းတွေကို အသီးသီး မျှဝေခံစားနိုင်မယ်လို့လည်း ကျွန်တော်မျှော်လင့် ယုံကြည်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးသည် စီးပွားရေး လုပ်ငန်းအများစုရှိရာ တိုင်းဒေသကြီးဖြစ်သည့်အလျောက် မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကကျကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (YRIC) ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ Investment Agency အဖြစ်ဖွဲ့စည်းခဲ့ကြောင်း၊ YRIC အနေဖြင့် မတည်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာငါးသန်း သို့မဟုတ် ကျပ်သန်း ၆၀၀၀ နှင့် အောက် ရင်းနှီးမြှုပ်နှံမှု အတည်ပြုလျှောက်ထားလွှာများကို ခွင့်ပြုမိန့်ထုတ်ပေးလျက်ရှိကြောင်း၊ YRIC သည် ရင်းနှီးမြှုပ်နှံခွင့် လျှောက်ထားမှုကိစ္စရပ်များနှင့် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်ရရှိထားသော စီးပွားရေးလုပ်ငန်းများကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၁၇ ခုနှစ် သြဂုတ်၂၃ ရက်တွင် ပထမဆုံးအကြိမ်ကျင်းပသည့် YRIC အစည်းအဝေးမှ ၂၀၁၈ ခုနှစ် ဧပြီလအထိ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၉ ခုဖြင့် မတည်ရင်းနှီးမြှုပ်မှုပမာဏ ဒေါ်လာ ၅၉ ဒသမ၂၉၆ နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ကိုးခုဖြင့် မတည်ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း ကျပ်သန်းပေါင်း ၂၃၀၆၀ တို့ကို ခွင့်ပြုပေးခဲ့ကြောင်းနှင့် အသစ်ထပ်မံခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံမှုများသည် ရန်ကုန်တိုင်း ဒေသကြီးအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၂၀၀၀ ကျော်ကို ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ကြောင်း Yangon Investment Forum မှရရှိသော စာရင်းများအရ သိရသည်။