ရသေ့တောင်မြို့နယ် မေယုကမ်းဒေသ စေတီပြင်နယ်မြေအတွင်း ကျေးရွာအချို့တွင် ခိုင်းကျွဲနွားများ မကြာခဏ ပျောက်ဆုံးမှုများ ရှိလာ

ရသေ့တောင်မြို့နယ် မေယုကမ်းဒေသ စေတီပြင်နယ်မြေအတွင်း ကျေးရွာအချို့တွင် ခိုင်းကျွဲနွားများ မကြာခဏ ပျောက်ဆုံးမှုများ ရှိလာ
Published 19 August 2017

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မေယုကမ်းဒေသ စေတီပြင်နယ်မြေကျေးရွာအချို့တွင် စားကျက်မြေနှင့် နွားတင်းကုပ်အတွင်း ညအချိန်တွင် ချည်နှောင်ထားသော ခိုင်ကျွဲနွားများ မကြာခဏ ပျောက်ဆုံးမှုများ ရှိလာကြောင်း ဒေသခံများက ပြောကြားသည်။

သြဂုတ် ၃ ရက်က မြိုတိုင်းရင်းသား ရှစ်ဦး သတ်ဖြတ်ခံရပြီးနောက် မေယုကမ်းဒေသ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့တွင် တပ်မတော်က လုံခြုံရေးတိုးမြင့်ပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း စေတီပြင်နယ်မြေအတွင်း စေတီပြင်၊ မော်ထက်၊ အောက်ကျောင်းတောင်၊ ကျောက်ရံ၊ သိမ်းတောင်၊ ပေါက်ပင်ရင်းနှင့် ခွဆုံကျေးရွာအုပ်စုများတွင် သြဂုတ် ၅ ရက်မှ စတင်ပြီး ၁၆ ရက်အထိ ခိုင်းကျွဲ၊ ခိုင်းနွား ၁၀ ကောင်ခန့် ပျောက်ဆုံးခဲ့ကြောင်း ဒေသခံ ကျေးရွာသားများထံမှ သိရသည်။

“ဘင်္ဂါလီကျေးရွာနီးတဲ့ ကျေးရွာတွေမှာ ကျွဲ၊ နွားတွေ အခုတလော ပျောက်ဆုံးမှုရှိနေပါတယ်။ ဟိုတစ်ရက်နှစ်ရက်က မော်ထက်ရွာက ဦးသန်းလှယေမှာ နွားနှစ်ကောင်၊ စေတီပြင်က ဦးကျော်ဝင်းမှာ နှစ်ကောင်၊ ဦးစိန်သာမှာ နှစ်ကောင်၊ ကျောက်ရံက ဦးဘစောမှာ တစ်ကောင် ခိုးယူသတ်စားခံလိုက်ရတယ်။ ကျန်တဲ့ရွာတွေမှာ နာမည်တွေမမှတ်မိတော့ဘူး။ ကျွန်တော်တို့ ထင်မိသလောက်တော့ ကျွဲ၊ နွားတွေကို သူတို့ဘင်္ဂါလီအကြမ်းဖက်သမား စခန်းမှာ စားတယ်လို့ ယူဆရတယ်။ ပျောက်ဆုံးသူတွေအနေနဲ့ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားတယ်” ဟု စေတီပြင်နယ်မြ ချွတ်ပြင်ကျေးရွာမှ ဦးဖြူဒေါင်းက ပြောကြားသည်။

လက်ရှိတွင် ကျေးရွာအချို့၌ မိုးစပါး ထွက်ယက်စိုက်ပျိုးရေးရာသီ တစ်ပိုင်းတစ်စတွင် ကျွဲ၊ နွားများ အခိုးခံရသူများအနေဖြင့် ကွဲျ၊ နွားများ ဆုံးရှုံးမှုအပြင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများပါ ဆက်လက်လုပ်ကိုင်နိုင်ရန် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ဒေသခံများကဆိုသည်။

“ကျွန်တော့်မှာ ပထမကုန်ခဲ့တဲ့လက လယ်ထွန်နေချိန်မှာ တစ်ကောင်ပျောက်တယ်။ ဒီလမှာတစ်ကောင် ပျောက်သွားတယ်။ နှစ်ကောင်ပျောက်သွားတယ်။ နွားတွေကို လယ်ထဲမှာချည်ထားတဲ့အခါ ခိုးယူသွားတာပါ။ ဘယ်မှာမှရှာလို့မရဘူး” ဟု မော်ထက်ကျေးရွာက ဦးသန်းလှယေက ပြောကြားသည်။

စေတီပြင်နယ်မြေအတွင်း ကျွဲ၊ နွား ပျောက်ဆုံးမှု မြင့်တက်လာခြင်းနှင့်ပတ်သက်ပြီး စေတီပြင်ကျေးရွာအုပ်ချူပ်ရေးမှူး ဦးမောင်အေးတင်က “အရင်တစ်ရက်နှစ်ရက်က ကျွဲနွားတွေ သတ်စားတာတု့ိ၊ ပျောက်ဆုံးတာတို့ ကြားပါတယ်။ ချွတ်ပြင်ကျေးရွာအုပ်စုက ရှမ်းရွာနေ ဘင်္ဂါလီတွေက ကျောက်ရန်ကျေးရွာက နွားတစ်ကောင်ကို သတ်စားသွားတယ်လို့တော့ ကြားလိုက်ပါတယ်” ဟု ဆိုသည်။

ရသေ့တောင်မြို့နယ် မေယုကမ်းဒေသ စေတီပြင်နယ်မြေအတွင်း သြဂုတ် ၁၁ ရက်မှ စတင်ပြီး ရွာအုပ်စု ၁၁ အုပ်စုအား လုံခြုံရေး အခြေအနေကြောင့် ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ထုတ်ပြန်ထားသဖြင့် ဌာနေတိုင်းရင်းသားများ ညအချိန်တွင် ကျေးရွာအပြင်သို့ မထွက်သည့် အခွင့်အရေးကိုယူကာ စားကျက်မြေ၊ လယ်ကွင်းအတွင်းတဲများတွင် ချည်နှောင်ထားသည့် ကျွဲ၊ နွားများအား ဘင်္ဂါလီများက စိတ်တိုင်းကျ ရွေးချယ်ခိုးယူကာ သတ်ဖြတ် စားသုံးခြင်းများအပြင် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ နည်းမျိုးစုံဖြင့် မှောင်ခိုတင်မှု ရောင်းချမှုများရှိကြောင်းလည်း သိရသည်။

Most Read

Most Recent