သီလဝါအထူးစီးပွားရေးဇုန် Zone B တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် ပထမအဆင့် ၁၀၁ ဟက်တာ၏ ၅၇ ရာခိုင်နှုန်းကျော်အထိ ရင်းနှီးမြှုပ်နှံသူများကို မြေငှားရမ်းပြီးဖြစ်ကြောင်း သိရ

သီလဝါအထူးစီးပွားရေးဇုန် Zone B တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် ပထမအဆင့် ၁၀၁ ဟက်တာ၏ ၅၇ ရာခိုင်နှုန်းကျော်အထိ ရင်းနှီးမြှုပ်နှံသူများကို မြေငှားရမ်းပြီးဖြစ်ကြောင်း သိရ
Published 6 May 2018

သီလဝါအထူးစီးပွားရေးဇုန် Zone B တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)

သီလဝါအထူးစီးပွားရေးဇုန် Zone B တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်တွင် ပထမအဆင့် ၁၀၁ ဟက်တာ၏ ၅၇ ရာခိုင်နှုန်းကျော်အထိ ရင်းနှီးမြှုပ်နှံသူများအား မြေငှားရမ်းထားပြီဖြစ်ကြောင်း သီလဝါအထူးစီးပွားရေးဇုန်မှ သိရသည်။

“သီလဝါအထူးစီးပွားရေးဇုန် Zone B တည်ဆောက်ရေးလုပ်ငန်းတွေကို စပြီးလုပ်နေတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ပါမစ်ပေးပြီးတာက ခုနစ်ခုပါ။ Phase 1 ကို စတင်ခဲ့တာက ၁၀၁ ဟက်တာနဲ့စခဲ့တာ။ မြေ ၁၀၁ ဟက်တာရဲ့ ၅၇ ရာခိုင်နှုန်းကို ရင်းနှီးမြှုပ်နှံမှုသူတွေကို ငှားပြီးသွားပြီ” ဟု သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ -၂ ဒေါ်ချိုချိုဝင်းက ပြောကြားသည်။

သီလဝါအထူးစီးပွားရေးဇုန် Zone B ၏ ပထမအဆင့် ၁၀၁ ဟက်တာစီမံကိန်း တည်ဆောက်မှု စတင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က ကျင်းပခဲ့သည်။ သီလဝါအထူးစီးပွားရေးဇုန် Zone B ၏ပထမအဆင့် ၁၀၁ ဟက်တာ (ဧက ၂၅၀) ကို ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းတွင် တည်ဆောက်မှု ပြီးစီးရန် မျှော်မှန်းထားသည်။

သီလဝါအထူးစီးပွားရေးဇုန်တွင် ပထမဆုံးအကြိမ် စတင်ရင်းနှီးမြှုပ်နှံနိုင်သည့် ၂၀၁၄ ခုနှစ် ဇွန်လကတည်းကပင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကုမ္ပဏီပေါင်း ၇၈ ခုက ၎င်းတို့၏စက်ရုံများ ကုန်ထုတ်လုပ်ခြင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းများအတွက် သီလဝါအထူးစီးပွားရေးဇုန်နေရာကို မျက်စိကျကာ ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် သီလဝါ အထူးစီးပွားရေးဇုန် Zone A နှင့် အကောင်အထည်ဖော်နေဆဲ Zone B တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၃၇၄ ဘီလျံကျော် ဝင်ရောက်ထားပြီး ဂျပန်နှင့်စင်ကာပူ နိုင်ငံတို့က အများဆုံး ဝင်ရောက်မြှုပ်နှံထားကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

“သီလဝါအထူးစီးပွားရေးဇုန်မှာ လက်ရှိအချိန်အထိ လုပ်ငန်းပေါင်း ၉၃ ခုကို ပါမစ်ပေးပြီးပြီ။ ၉၃ ခုကို စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏက ဒေါ်လာ ၁ ဒသမ ၃၇၄ ဘီလျံအထိ ဝင်ရောက်ထားပါတယ်။ အဲဒီလုပ်ငန်း ၉၃ ခုက Zone A ရော Zone B ရောပေါ့။ Zone B မှာတော့ အခုလောလောဆယ် လုပ်ငန်းပေါင်းခုနစ်ခုကို ပါမစ်ပေးပြီးပါပြီ” ဟု ဒေါ်ချိုချိုဝင်းက ပြောကြားသည်။

အထူးစီးပွားရေးဇုန်ဥပဒေအရ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း သီလဝါအထူးစီးပွားရေးဇုန်သို့ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၀၁ သန်းကျော်အထိ ဝင်ရောက်ထားပြီး ဂျပန်နှင့်စင်ကာပူနှစ်နိုင်ငံ ဝင်ရောက်မှုသည် ယင်းပမာဏ စုစုပေါင်း၏ ရာခိုင်နှုန်း ၆၀ ကျော်အထိ ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း သီလဝါအထူးစီးပွားရေးဇုန်သို့ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လုပ်ကိုင်နေသည့် နိုင်ငံများအနက် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ၃၆ ဒသမ ၈၄ ရာခိုင်နှုန်း ရှိနေသည်။

ထို့ပြင် စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ၂၄ ဒသမ ၇၁ ရာခိုင်နှုန်းအထိရှိပြီး ယင်းနှစ်နိုင်ငံ၏ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုသည် စုစုပေါင်းပမာဏ၏ ၆၁ ဒသမ ၅၅ ရာခိုင်နှုန်းအထိ အများဆုံး ဝင်ရောက်ထားခြင်းဖြစ်သည်။

သီလဝါအထူးစီးပွားရေးဇုန်တွင် လုပ်ငန်းလုပ်ကိုင်ကြမည့် စက်ရုံများအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်းမှ ဓာတ်အားပို့လွှတ်မည်ဖြစ်ကြောင်း သိရသည်။