ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့အကြား အဝေးပြေးလမ်းတွင် ယာဉ်တိုက်မှုများ နေ့စဉ်ဖြစ်ပေါ်နေ

ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့အကြား အဝေးပြေးလမ်းတွင် ယာဉ်တိုက်မှုများ နေ့စဉ်ဖြစ်ပေါ်နေ
Published 6 May 2018

ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့များရှိ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့အကြား အဝေးပြေးလမ်းပေါ်တွင် နေ့စဉ်ယာဉ်တိုက်မှုများ ဖြစ်ပေါ်နေသဖြင့် ယာဉ်ကို ဆင်ခြင်မောင်းနှင်ရန် လိုအပ်ကြောင်း ဒေသခံများက ပြောကြားသည်။

အဆိုပါလမ်းသည် ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းတွင် ပါဝင်သောအပိုင်းဖြစ်ပြီး ကွန်ကရစ်လမ်းအဖြစ် ယခင်နှစ်ကတည်းက ပြန်လည်ဖောက်လုပ်ထားသော လမ်းလည်းဖြစ်သည်။ ယာဉ်ကြီးယာဉ်ငယ်များစွာ နေ့စဉ်သွားလာလျက်ရှိရာတွင် အထူးသဖြင့် ဆိုင်ကယ်ချင်းတိုက်မိခြင်း၊ ဆိုင်ကယ်နှင့် ယာဉ်တိုက်မိခြင်း၊ ယာဉ်ငယ်အချင်းချင်း တိုက်မိခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး အများစုမှာ ဆိုင်ကယ်ဖြင့်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

“ပြောရရင်တော့ ဒီလမ်းမှာ နေ့စဉ်လိုဖြစ်နေတယ်။ အဓိက,ကတော့ ယာဉ်ကို မဆင်မခြင်မောင်းကြတာကြောင့်ပါ။ ကွန်ကရစ်လမ်းလည်းဖြစ်တယ်။ အရင်ကထက် လမ်းကောင်းသွားတယ်ဆိုတော့ မောင်းလို့ကောင်းတယ်ဆိုပြီး မောင်းကြတယ်။ ဒါပေမဲ့ အရှိန်မထိန်းနိုင်တော့ တိုက်ကြတာပေါ့။ ကိုယ့်ဟာကိုယ် မှောက်ကြတာလည်း မနည်းဘူး။ ဒါကြောင့် ဆင်ဆင်ခြင်ခြင်မောင်းနှင်ဖို့ လိုတယ်လို့ အကြံပြုလိုပါတယ်” ဟု ပုဏ္ဏားကျွန်းမှ ဦးကျော်သန်းက ပြောကြားသည်။

ထို့ပြင်မြို့ပေါ်နေရာ၌သာ ယာဉ်ထိန်းရဲများရှိနေပြီး ပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုနည်းပါးခြင်းနှင့် ယာဉ်မောင်းသူများ စည်းကမ်းလိုက်နာမှုမရှိခြင်းတို့မှာလည်း ယာဉ်မတော်တဆဖြစ်ပေါ်မှုကို မြင့်မားစေကြောင်း သိရှိရပြီး ရခိုင်ပြည်နယ်အတွင်း သံတွဲခရိုင်တွင် ယာဉ်တိုက်မှုအများဆုံး ဖြစ်ပေါ်လျက်ရှိကြောင်းလည်း ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

“ယာဉ်ထိန်းရဲဆိုတာကလည်း လမ်းတစ်လျှောက်မှာ မထားနိုင်ဘူးလေ။ မြို့ပေါ်မှာ လောက်သာရှိတယ်ဆိုတော့ မြို့နဲ့ဝေးလာလေ စည်းကမ်းမဲ့လေဖြစ်တတ်ပါတယ်။ ကားတွေကလည်း စည်းကမ်းမလိုက်နာဘူး။ မောင်းချင်သလို မောင်းကြတယ်။ နောက်ဆုံးတော့ ယာဉ်တိုက်မှုဖြစ်လို့ ထိခိုက်နစ်နာသူတွေဟာ စည်းကမ်းမလိုက်နာသူတွေက များတယ်။ ဒီကြားထဲ စည်းကမ်းနဲ့နေသူတွေကလည်း ကြားညှပ်ပြီး နစ်နာမှုတွေရှိတယ်။ ကိုယ်မမှားဘဲ သူများမှားလို့ ဒုက္ခရောက်ရသူတွေလည်း ရှိတယ်လို့ပြောရမယ်။ အကောင်းဆုံးကတော့ ကိုယ့်အသိနဲ့ကိုယ် မောင်းနှင်ကြဖို့လိုတယ်” ဟု ကျောက်တော်မြို့မှ ကိုဇော်ဝင်းက ပြောကြားသည်။

အဆိုပါလမ်းပိုင်းတွင် မေ ၅ ရက်ကလည်း ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းသူမှာ အသက်အန္တရာယ်စိုးရိမ်ရသည့် အနေအထားတွင် ရှိခဲ့ကြောင်း သိရသည်။