အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများကို လိင်ပိုင်းဆိုင်ရာ လုပ်ငန်းခွင်များနှင့် ရေလုပ်ငန်းများတွင် လုပ်ကိုင်ရန် လူကုန်ကူးခံရခြင်းများ ကြုံတွေ့နေရကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများကို လိင်ပိုင်းဆိုင်ရာ လုပ်ငန်းခွင်များနှင့် ရေလုပ်ငန်းများတွင် လုပ်ကိုင်ရန် လူကုန်ကူးခံရခြင်းများ ကြုံတွေ့နေရကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 28 April 2018

ဧပြီ ၂၇ ရက်က နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ပြုလုပ်သည့် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ နိုင်ငံအဆင့်စံလုပ်ငန်း အစီအစဉ်နှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်စဉ်

နိုင်ငံအတွင်း အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများကို လိင်ပိုင်းဆိုင်ရာ လုပ်ငန်းခွင်များနှင့် ရေလုပ်ငန်းများတွင် လုပ်ကိုင်ရန် လူကုန်ကူးခံရခြင်းများ ကြုံတွေ့နေရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ဧပြီ ၂၇ ရက်က နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ပြုလုပ်သည့် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ နိုင်ငံအဆင့်စံလုပ်ငန်း အစီအစဉ်နှင့် စပ်လျဉ်းသည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများအား လိင်ပိုင်းဆိုင်ရာ လုပ်ငန်းခွင်များနှင့် ရေလုပ်ငန်းများတွင် လုပ်ကိုင်ရန် လူကုန်ကူးခံရခြင်းများ ကြုံတွေ့နေရသည့်အတွက် ပြည်တွင်းလူကုန်ကူးမှုများကို အလေးပေး ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

“ယခင်ကာလများက ပြည်ပနိုင်ငံများက လူကုန်ကူးခံရသူများကိုသာ ပြန်လည်လက်ခံခဲ့ရသော်လည်း လက်ရှိအခြေအနေတွင် ပြည်တွင်းမှာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေကို လိင်ပိုင်းဆိုင်ရာလုပ်ငန်းများနဲ့ ရေလုပ်ငန်းများမှာ အလုပ်လုပ်ကိုင်ဖို့အတွက် လူကုန်ကူးခံရခြင်းများ ကြုံတွေ့နေရပါတယ်။ ဒါကြောင့် ပြည်တွင်းလူကုန်ကူးမှုများကို အလေးပေး ဆောင်ရွက်ရန် လိုအပ်လာကြောင်း ပြောကြားလိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ပြီးခဲ့သည့် သုံးနှစ်ကျော်အတွင်း ပြည်တွင်းလူကုန်ခံရသူ ၅၈ ဦးအား မိဘရပ်ထံ ပြန်လည်ပို့ဆောင်အပ်နှံခဲ့ပြီး ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသားစုစုပေါင်း ၁၅၂၇ ဦးကို ပြန်လည်ခေါ်ယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ထောင်စုဝန်ကြီးက “လူကုန်ကူးနဲ့ ပတ်သက်ပြီး ပြည်ပမှာ လူကုန်ကူးခံရတာ ရှိတယ်။ ပြည်တွင်းမှာ လူကုန်ကူးခံရတာ ရှိတယ်။ ပြည်တွင်းလူကုန်ကူးနဲ့ ပတ်သက်ပြီး ဒီထက်ပိုများနိုင်တယ်ဆိုတာ ဒါက တကယ်ရှိနိုင်တယ်။ ဒါကြောင့်မို့လို့ ဒီလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ပိုပြီးသိရှိအောင်ဆိုပြီး ကြိုတင် ကာကွယ်ရေးလုပ်ငန်းတွေကို စံလုပ်ငန်းစဉ်တွေထဲမှာ အစီအစဉ်တကျ ချမှတ်လိုက်ရင် ပိုပြီးတော့ ဖော်ထုတ်နိုင်မယ်” ဟု ပြောကြားသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် လူကုန်ကူးခံရသူများအား ယာယီလက်ခံ စောင့်ရှောက်နိုင်ရန်အတွက် ယာယီလက်ခံ စောင့်ရှောက်ရေးဂေဟာများကို မူဆယ်မြို့၊ မြဝတီမြို့၊ ကော့သောင်းမြို့နှင့် မန္တလေးမြို့တို့၌ ဖွင့်လှစ်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ လိုအပ်သည့် သတင်းအချက်အလက်နှင့် ဝန်ဆောင်မှုများပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။