မတ္တရာမြို့နယ်တွင် သံဃာတစ်ပါးက ကလေးတစ်ဦးအား တုတ်ဖြင့်ရိုက်သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုဖွင့်စစ်ဆေးနေကြောင်း သိရ

မတ္တရာမြို့နယ်တွင် သံဃာတစ်ပါးက ကလေးတစ်ဦးအား တုတ်ဖြင့်ရိုက်သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုဖွင့်စစ်ဆေးနေကြောင်း သိရ
Published 28 April 2018

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် သံဃာတစ်ပါးက ကလေးတစ်ဦးအား တုတ်ဖြင့်ရိုက်သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး အမှုဖွင့်စစ်ဆေးနေကြောင်း မတ္တရာမြို့မရဲစခန်းမှ သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ကန်အုပ်စု၊ ကင်းရွာလွင်ဦးကျောင်းတွင် ဧပြီ ၂၁ ရက်က အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်းသိရပြီး အရိုက်ခံရသူကလေး၏ အုပ်ထိန်းသူများက ကျေနပ်မှုမရှိသောကြောင့် သံဃာကို အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ကလေးရဲ့ အုပ်ထိန်းသူတွေက ကျေနပ်မှုမရှိလို့ တုတ်နဲ့ရိုက်တဲ့ ဦးပဉ္စဇင်းကို အမှုဖွင့် တိုင်ကြားထားပါတယ်။ ပုဒ်မ ၃၂၅/၃၂၃ နဲ့ အမှုဖွင့်ပြီး စစ်ဆေးနေပါတယ်။ အာမခံပေးထားတဲ့အတွက် ဦးပဉ္စဇင်းကို ဖမ်းဆီးထားခြင်း မရှိပါဘူး” ဟု မတ္တရာမြို့မရဲစခန်းမှူး ဒုရဲမှူးခင်ဝင်းဇော်က ပြောကြားသည်။

မတ္တရာမြို့နယ် ကင်းရွာတွင် နေထိုင်သည့် ရှစ်တန်းကျောင်းသား မောင်ဝေဖြိုးနိုင်နှင့် ကျောင်းသားတစ်ဦးတို့ သရက်သီးခူးရာမှတစ်ဆင့် အဆိုပါ ကိစ္စဖြစ်ပွားခဲ့ကြောင်း၊ ခွေးပါးစပ်မှ နတ်စကားထွက်သည်ဟု မောင်ဝေဖြိုးနိုင်က ပြောဆိုခဲ့သည်ကို ဦးပဉ္စဇင်းအား ပြန်လည် တိုင်ကြားခဲ့ခြင်းကြောင့် တုတ်ဖြင့်အရိုက်ခံခဲ့ရကြောင်း၊ အရိုက်ခံရသည့်ဒဏ်ရာများမှာ များပြားသောကြောင့် ဆေးရုံတက်ရောက် ကုသနေရသည်ဟု သိရသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ မတ္တရာမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းကို မေးမြန်းခဲ့ရာ “ကလေးကတော့ ဆေးရုံတက်နေတုန်းပဲ။ ခေါင်းမူးပြီး ဗိုက်တွေအောင့်နေတယ်လို့ ကြားသိရပါတယ်။ အုပ်ထိန်းသူတွေက အမှုဖွင့်တိုင်ကြားဖို့ ဆေးစာလိုအပ်တယ်ဆိုလို အမြန်ရအောင်ကူညီပေးဖို့ စီစဉ်ပေးလိုက်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲစခန်းမှာ အမှုဖွင့် စစ်ဆေးနေတယ်လို့တော့ သိရတယ်” ဟု ပြောကြားသည်။

ဘုန်းကြီးတစ်ပါးက ကလေးတစ်ဦးအား ဆံပင်ဆွဲ၊ တုတ်ဖြင့်ရိုက်၊ မျက်နှာကို တုတ်ဖြင့်ရိုက်သည့် ဗွီဒီယိုဖိုင်နှစ်ခုသည် လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။