ရှမ်းပြည်နယ်မှ ဘုရားဖူးလာသည့် အမျိုးသားတစ်ဦး ရွှေတိဂုံစေတီပေါ်၌ လည်ပင်းကို ဓားဖြင့်လှီးကာ သေကြောင်းကြံစည်မှုဖြစ်ပွား

ရှမ်းပြည်နယ်မှ ဘုရားဖူးလာသည့် အမျိုးသားတစ်ဦး ရွှေတိဂုံစေတီပေါ်၌ လည်ပင်းကို ဓားဖြင့်လှီးကာ သေကြောင်းကြံစည်မှုဖြစ်ပွား
Published 28 April 2018

ရှမ်းပြည်နယ်မှ ဘုရားဖူးလာသည့် အမျိုးသားတစ်ဦးသည် ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ရွှေတိဂုံဘုရားပေါ်၌ မိမိ၏လည်ပင်းကို ဓားဖြင့်လှီးကာ သေကြောင်းကြံစည်မှု ဖြစ်ပွားခဲ့ကြောင်း ဧပြီ ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ရဲအရာရှိတစ်ဦးထံမှ စုံစမ်းသိရသည်။

အဆိုပါ သေကြောင်းကြံစည်သည့် အမျိုးသားမှာ ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် နေထိုင်သည့် ဦး.... (၄၈ နှစ်) ဖြစ်ကြောင်း သိရပြီး ၎င်းမှာ ဧပြီ ၂၆ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ခရီးသည်တင်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ၎င်းသည် ဧပြီ ၂၇ ရက် နံနက် ၉ နာရီခန့်တွင် ရွှေတိဂုံဘုရားသို့ရောက်ရှိလာခဲ့ပြီး ဘုရားပေါ်ရှိ ရာဟုထောင့်တွင် ဘုရားရှိခိုးကာ ပါလာသည့်ဓားဖြင့် မိမိ၏ လည်ပင်းကိုလှီး၍ သေကြောင်းကြံစည်ခဲ့ခြင်း ဖြစ်ကြောင်း ရွှေတိဂုံဘုရားဂေါ်ပကအဖွဲ့မှ စုံစမ်းသိရသည်။

“သူ့မှာပါလာတဲ့ဓားပေါ့။ ဓားကတော့ အကြီးကြီးတော့ မဟုတ်ပါဘူး။ အိမ်သုံးဓားလောက်ပါပဲ။ ကြက်သွန်လှီးဓားပေါ့။ အဲဒီ ဓားနဲ့ သူ့ရဲ့လည်ပင်းကို လှီးခဲ့တာပါ။ အဲလိုမျိုး ဖြစ်စဉ်တွေက ဘုရားပေါ်မှာ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။ ဥပမာ မိမိရဲ့လျှာကိုလှီးဖြတ် လှူတာတို့၊ ကြိုးဆွဲချတာ၊ ရေစင်ပေါ်က ခုန်ချတာတို့ပေါ့။ အဲဒီဖြစ်စဉ်တွေရှိခဲ့ဖူးပါတယ်” ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းသို့ ဦး........သည် မိမိ၏လည်ပင်းကို ဓားဖြင့်လှီးဖြတ်မှုကြောင့် လည်ပင်းတွင် သုံးလက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက် ရရှိခဲ့ပြီး ဘုရားလုံခြုံရေးအဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များက ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ဆေး ကုသစေခဲ့ကာ ဒဏ်ရာအခြေအနေမှာ မစိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

“ရှမ်းပြည်နယ်မှာ သူ့ရဲ့မိသားစုတွေရှိတယ်လို့ သိရတယ်။ ဒါပေမဲ့ သူက နေရပ်မှာ တစ်ဦးတည်း သီးသန့်နေတာလို့ သိရတယ်။ သူ့ကို ဒီလိုဘာလို့လုပ်လဲလို့ စစ်ဆေးတဲ့အခါ သူက သတ္တဝါတွေအတွက် အသက်ပေးလှူတာလို့ ပြောတယ်လို့ ကနဦးသိရပါတယ်။ အသေးစိတ်ကိုတော့ သက်ဆိုင်ရာရဲတပ်ဖွဲ့တွေ စုံစမ်းစစ်ဆေးနေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်မှ ရွှေတိဂုံဘုရားပေါ်တွင် သေကြောင်းကြံစည်ခဲ့သည့် ဦး..... ကို ဒဂုံမြို့မရဲစခန်းက သေကြောင်းကြံစည်မှု ပုဒ်မ ၃၀၉ ဖြင့် အမှုဖွင့်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။