သမိုင်းဘူတာ ဝန်းကျင်ရှိ ပျံကျဈေးသည် ၃၀၀ ကျော်ကို အသစ်တည်ဆောက်ထားသည့် သမိုင်းဘူတာ ဈေးသစ်သို့ ပြောင်းရွှေ့မည်

သမိုင်းဘူတာ ဝန်းကျင်ရှိ ပျံကျဈေးသည် ၃၀၀ ကျော်ကို အသစ်တည်ဆောက်ထားသည့် သမိုင်းဘူတာ ဈေးသစ်သို့ ပြောင်းရွှေ့မည်
Published 25 April 2018

မီးရထားလမ်းနှင့် နီးကပ်သဖြင့် ပြောင်းရွှေ့ခံရမည့် တညင်းကုန်းဈေးအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သမိုင်းဘူတာ သံလမ်းဘေးဝဲယာတွင် ရောင်းချနေသည့် ပျံကျဈေးသည် ၃၅၀ ခန့်ကို အသစ်တည်ဆောက်ထားသည့် သမိုင်းဘူတာဈေးသစ်သို့ မေ ၁ ရက်တွင် ပြောင်းရွှေ့သွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

လက်ရှိတွင် သမိုင်းဘူတာဈေးသစ် တည်ဆောက်မှု ပြီးစီးပြီ ဖြစ်သည့်အတွက် ဈေးသည်များအား ပြောင်းရွှေ့ရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။

“ဆိုင်ခန်းတွေ ဆောက်နေတာက မတ်လမကုန်ခင်က အပြီးဆောက်တယ်ပေါ့။ ဈေးသူဈေးသား အားလုံး အဆင်ပြေအောင် ဆောင်ရွက်ထားပါတယ်” ဟု မြန်မာ့မီးရထား တိုင်း (၇) မှ သွားလာရေး မန်နေဂျာ ဦးဇော်လွင်က ပြောကြားသည်။

သမိုင်းဘူတာ ရထားလမ်းဘေးတွင် ပျံကျဈေးသည်များ ဈေးရောင်းချနေမှုများအပေါ် စနစ်တကျ ရောင်းချနိုင်ရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့မီးရထားမှ စာရင်းကောက်ယူချက်အရ ပျံကျဈေးသည် ၃၅၀ ခန့်ရှိကြောင်း သိရသည်။

ပျံကျဈေးသည်များ ပြောင်းရွှေ့နေရာပေးနိုင်ရန် သမိုင်းဘူတာနှင့် အင်းစိန်ဘူတာ ဘက်ခြမ်းရှိ ပေ ၂၀၀ အကွာ၌ ပေ ၄၅၀ အကျယ်အဝန်းကို သမိုင်းဈေးသစ် တည်ဆောက်ခြင်းဖြစ်ပြီး ဈေးသည် ၄၀၀ နီးပါး ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

“အန်တီက ဒီမှာရောင်းနေတာ အသားကျနေပြီ။ အသစ်ပြောင်းရမယ်ဆိုတော့ စိတ်ပူတယ်ပေါ့။ ရောင်းကောင်း မကောင်း စိတ်ပူတယ်။ သူတို့ကပြောတယ်။ အပိုင်ပေးတာ မဟုတ်ဘူး၊ နေရာပြောင်းဆိုလည်း ပြန်ပြောင်းပေးရမယ်လို့ အစည်းအဝေးမှာ ပြောဖူးတယ်။ ဒီနေရာလေး ရောင်းရတာက ရထားဆင်း ခရီးသည်တွေနဲ့ဆိုတော့ နှစ်ဆရောင်းရတယ်။ ပြောင်းရမယ့် နေရာကျတော့ ရထားစီးနင်းတဲ့သူတွေ အနေနဲ့ မလာတော့ဘူးထင်တယ်။ နည်းနည်းတော့ စိုးရိမ်ရတာပေါ့။ အခွန်ကတော့ အတည်တကျ ဖြစ်သွားရင် ဆောင်ရမယ်ထင်တယ်။ ပြောင်းခိုင်းတော့လည်း ပြောင်းရတာပေါ့။ ဟိုဘက်မှာ ရောင်းကောင်းရင်တော့ ဒါကိုယ့်ရဲ့ ကံတရားပဲလေ။ ဒီမှာ ပိုရောင်းကောင်းတယ်လို့ထင်တယ်။ ရထားအတက်အဆင်းတွေရော၊ ရပ်ကွက်နဲ့လည်း နီးတယ်ဆိုတော့။ ဟိုဘက်ကျတော့ ရပ်ကွက်နဲ့ ဝေးသွားတာပေါ့” ဟု ပျံကျဈေးသည် တစ်ဦးဖြစ်သူ ဒေါ်မင်းမင်းလှိုင်က ပြောကြားသည်။

မီးရထားဘူတာရုံဧရိယာ၊ မီးရထားသံလမ်းအနီး၊ ရထားလမ်းနှင့် မလွတ်သည့်နေရာများတွင် ပျံကျဈေးသည်များ ဝင်ရောက် ရောင်းချနေမှုကြောင့် အများပြည်သူ အန္တရာယ် ဖြစ်စေနိုင်သည့်အပြင် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှု လုပ်ငန်းများ လုပ်ဆောင်နေခြင်းကြောင့် မဖြစ်မနေ ပြောင်းရွှေ့ရမည် ဖြစ်သည့်အတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မြန်မာ့မီးရထားတိုင်း (၇) မှ သွားလာရေး မန်နေဂျာ ဦးဇော်လွင်က ပြောကြားသည်။