NCA ရေးထိုးနိုင်ရေး ငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့၏ တရားဝင်ဆွေးနွေးပွဲ ဧပြီ ၂၆ ရက်တွင် လွိုင်ကော်မြို့၌ ပြုလုပ်မည်

NCA ရေးထိုးနိုင်ရေး ငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့၏ တရားဝင်ဆွေးနွေးပွဲ ဧပြီ ၂၆ ရက်တွင် လွိုင်ကော်မြို့၌ ပြုလုပ်မည်
Published 24 April 2018

ငြိမ်းချမ်းရေးကော်မရှင်နှင့် KNPP ကိုယ်စားလှယ်အဖွဲ့ မတ် ၇ ရက်က ရန်ကုန်မြို့၌ အလွတ်သဘော ဆွေးနွေးပွဲပြုလုပ်စဉ် (Photo း Peace Comission)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးနိုင် ရေးအတွက် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့၏ တရားဝင်ဆွေးနွေးပွဲ  ဧပြီ ၂၆ ရက်တွင် လွိုင်ကော်မြို့၌ ပြုလုပ်မည်ဖြစ်ကြောင်း KNPP ဗဟိုကော်မတီဝင် လွိုင်ကော်ဆက်ဆံရေးရုံးတာဝန်ခံ ခူးညေးရယ်က ပြောကြားသည်။

မူလက ငြိမ်းချမ်းရေးကော်မရှင်နှင့် KNPP တို့ တရားဝင်တွေ့ဆုံပွဲကို  ဧပြီ ၂၃ ရက်မှ ၂၅ ရက်ကြားတွင် ပြုလုပ်ရန်စီစဉ်ထားခြင်းဖြစ်ပြီး ယခုအခါ ဧပြီ ၂၆ ရက်တွင် တွေ့ဆုံရန် ရွှေ့ဆိုင်းထားခြင်းဖြစ်ကာ NCA ရေးထိုးနိုင်ရေးအခြေအနေမှာ တွေ့ဆုံပွဲပြီးမှသာ ပြောနိုင်မည်ဟု ၎င်းက ပြောကြားသည်။

အဆိုပါ တရားဝင် တွေ့ဆုံဆွေးနွေးပွဲတွင် NCA လက်မှတ်ရေးထိုးထားပြီးသား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီအချို့နှင့် အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များကိုလည်း လေ့လာသူအဖြစ် တက်ရောက်ရန် ဖိတ်ကြားထားကြောင်း ခူးညေးရယ်က ပြောကြားသည်။

“သူတို့က လေ့လာသူအနေနဲ့ပေါ့။ ကျွန်တော်တို့ အရင်တုန်းက သဘောတူထားတဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် သဘောတူထားတာတွေ သူတို့လည်း သိရတာပေါ့။ ကျွန်တော်တို့လည်း အဲဒါပြီးရင် သတင်းစာရှင်းလင်းပွဲလုပ်မှာလေ။ အဲဒါကြောင့် သူတို့လည်းသိအောင် သူတို့က လူထုကြားမှာ အနေများတဲ့ ပုဂ္ဂိုလ်တွေဖြစ်တော့ CSO တွေက တစ်ခါတည်း လူထုကို သူတို့လုပ်ငန်းခွင် ကွင်းဆင်းတဲ့အခါ တစ်ခါတည်းရှင်းပြနိုင်အောင်ပေါ့” ဟု ခူးညေးရယ်က ပြောကြားသည်။

KNPP သည် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။

ထို့ပြင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၉ ရက် ညပိုင်းက ဖြစ်ပွားခဲ့သော တပ်မတော်နှင့် KNPP အဖွဲ့ဝင်များကြား ပဋိပက္ခ၌ KNPP တပ်ဖွဲ့ဝင်သုံးဦးနှင့် အရပ်သားတစ်ဦးသေဆုံးခဲ့ခြင်း ကိစ္စရပ်အပေါ် တပ်မတော်က စုံစမ်းစစ်ဆေးနေသည့် အဖြေရလဒ်လည်း NCA စာချုပ်တွင် လက်မှတ်ရေးထိုးရေးအတွက် အချက်တစ်ချက်အဖြစ်ပါဝင်ကြောင်း KNPP က ပြောကြားသည်။

အဆိုပါ တပ်မတော်က စုံစမ်းစစ်ဆေးနေသည့်ကိစ္စတွင် ခုံရုံးဖွဲ့စစ်ဆေးနေမှု၌ KNPP ကိုယ်စားလှယ်တစ်ဦး ပါဝင်နိုင်ရန် တပ်မတော်က မတ်လကုန်ပိုင်းတွင် KNPP သို့ အကြောင်းကြားသော်လည်း KNPP ဗဟိုကော်မတီ အစည်းအဝေးနှင့် တိုက်နေသဖြင့် အဆိုပါကိစ္စရပ်အား ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း ခူးညေးရယ်က ပြောကြားသည်။

“သူတို့ ခေါ်သေးတယ်။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်တို့မအားတာနဲ့ သူတို့ပြန်မခေါ်သေးဘူး။ ကျွန်တော်တို့ဘက် ကိုယ်စားလှယ်တစ်ဦး ပါလို့ရတယ်လေ။ အဲဒီခုံရုံးအဖွဲ့ထဲမှာလေ။ ကိုယ်စားလှယ်တစ်ဦးနဲ့  အကူဝန်ထမ်းတစ်ဦး ပါလို့ရတယ်လို့ ပြောတယ်။ အဲဒီလုပ်ငန်းစဉ်က မလုပ်ရသေးဘူး။ ပြီးခဲ့တဲ့ လကုန်တုန်းက ခေါ်တယ်။ ကျွန်တော်တို့ တိုက်တိုက်ဆိုင်ဆိုင် ပါတီဗဟိုကော်မတီအစည်းအဝေးနဲ့ သွားတိုက်လို့ မသွားနိုင်ဘူးလေ။ ခုံရုံးလို့လည်းပြောတယ်။ ဒါပေမဲ့ သူတို့အထက်ကို တင်ဦးမယ်လို့လည်း ပြောတယ်” ဟု ခူးညေးရယ်က ပြောကြားသည်။

တရားဝင်တွေ့ဆုံပွဲကျင်းပနိုင်ရန် ငြိမ်းချမ်းရေးကော်မရှင်နှင့် KNPP တို့၏ အကြိုညှိနှိုင်းဆွေးနွေးပွဲကို ဧပြီ ၆ ရက် နံနက်ပိုင်းက လွိုင်ကော်မြို့ရှိ ကယားပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည်။

အဆိုပါအကြိုညှိနှိုင်းအစည်းအဝေးတွင် Local Monitoring Team နှင့် JMC ၊  လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး၊ JMC- S နှင့် JMC – L အဆင့်များတွင် နိုင်ငံတကာ အစိုးရများနှင့် အပြည်ပြည်ဆိုင်ရာ ကိုယ်စားလှယ်များက လေ့လာသူအကြံပေးနှင့် နည်းပညာအထောက်အကူပြုများအဖြစ် ပါဝင်နိုင်ရေး၊ EITI နှင့် နိုင်ငံတကာလူမှုရေး ကူညီထောက်ပံ့ရေး၊ ပြည်နယ်အတွင်း INGO နှင့် NGO များ လုပ်ငန်းဆောင်ရွက်မှု၊ မူးယစ်ဆေးဝါး၊ သစ်တောပြုန်းတီးမှုနှင့် လူကုန်ကူးမှု၊ ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်များတွင် ဆက်ဆံရေးတာဝန်ခံများ ပြန်လည်ထားရှိရေး၊ နှစ်ဖက်တပ်များ သွားလာမှု ဆက်သွယ်မှု ပြည်နယ်အဆင့်တွင် ညှိနှိုင်းရေး၊ တရားဝင်ဆွေးနွေးပွဲတွင် ပြည်နယ်အတွင်း လေ့လာသူများနှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင်များ ဖိတ်ကြားလေ့လာရေးကိစ္စ  စသည့်အကြောင်းအရာများကိုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သို့ရာတွင် တပ်မတော်နှင့်ပတ်သက်သည့် အချက်များအား ညှိနှိုင်းရာတွင် မည့်သည်ရလဒ်မှ မရရှိခဲ့ကြောင်း၊ ဆွေးနွေးမှု အချက် ၂၀ တွင် ကျန်ခဲ့သည့် ခြောက်ချက်မှာ တပ်ပိုင်းဆိုင်ရာ ကိစ္စများသာဖြစ်ကြောင်း ခူးညေးရယ်က ပြောကြားသည်။

NLD ပါတီဦးဆောင်သော အစိုးရသစ်လက်ထက်တွင် KNPP သည်  NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှတစ်ဆင့် အခြားသော UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အတူ အစိုးရနှင့် ၁၇ လကျော်ကြာ ဆွေးနွေးခဲ့သည်။

သို့ရာတွင် အစိုးရနှင့် UNFC အကြား ဆွေးနွေးရေး တစ်ဆို့မှုအချို့ ဖြစ်ပေါ်နေချိန်တွင် UNFC အဖွဲ့ဝင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့သည် NCA စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သဖြင့်  KNPP အဖွဲ့သည် ကျန်ရှိခဲ့ခြင်း ဖြစ်သည်။

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးကို  ၂၀၁၂  ခုနှစ်မှစ၍ ပြုလုပ်ခဲ့ပြီး  ဆက်ဆံရေးရုံးများကို ဖွင့်လှစ်ခဲ့ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များအရ အစိုးရတပ်များ ရွှေ့ပြောင်းသွားလာပါက KNPP ဆက်ဆံရေးရုံးများကို အကြောင်းကြားမည်ဟု ဆိုသော်လည်း ၂၀၁၅ ရွေးကောက်ပွဲပြီးနောက်ပိုင်းကာလအတွင်း သွားလာလှုပ်ရှားရာ၌ ဆက်သွယ်အကြောင်းကြားမှုများ မရှိခဲ့သည်ကို တွေ့ရကြောင်း၊ NLD အစိုးရနှင့် KNPP ကြားတွင် အချိတ်အဆက် အားနည်းနေသည့်အပြင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်သွားရသော ဒုက္ခသည်စခန်းတွင် နေထိုင်ရသူများသည်လည်း စားဝတ်နေရေး၊ လူမှုရေးအခက်အခဲများ ပိုမိုကြုံတွေ့နေကြရသည်ကို တွေ့ရကြောင်း ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ရက်က ဧပြီ ၃ ရက်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားထားသည်။

KNPP သည် ပြည်ထောင်စုအဆင့် နှစ်ဦးနှစ်ဖက်အကြား ချုပ်ဆိုခဲ့သော သဘောတူညီချက်များ (Bilateral Agreements) အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ၂၀၁၂ ခုနှစ် ဇွန် ၉ ရက်တွင် တစ်ကြိမ်၊ ၂၀၁၃ ခုနှစ် ဇွန် ၂၀ ရက်တွင်တစ်ကြိမ် လက်မှတ်ရေးထိုးထားပြီး ကယားပြည်နယ်တွင် အခြေစိုက်လှုပ်ရှားနေသည့်အဖွဲ့ ဖြစ်သည်။