ငွေဆောင်မြို့နယ် ချောင်းသာ သစ်တောကြိုးဝိုင်းအတွင်းမှ တောဆင်ရိုင်း သတ်ဖြတ်သူနှစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

ငွေဆောင်မြို့နယ် ချောင်းသာ သစ်တောကြိုးဝိုင်းအတွင်းမှ တောဆင်ရိုင်း သတ်ဖြတ်သူနှစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
Published 23 April 2018

ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့နယ် သဇင်ကျေးရွာအုပ်စု သစ်ဖြူကျေးရွာရှိ ချောင်းသာ သစ်တောကြိုးဝိုင်းအတွင်း ဧပြီ ၂၁ ရက်က တောဆင်ရိုင်းသတ်ဖြတ်သူ နှစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဧပြီ ၂၀ ရက်တွင် ချောင်းသာသစ်တောကြိုးဝိုင်း အတွင်း၌ မသင်္ကာသူများတွေ့ရှိကြောင်း သတင်းရရှိသဖြင့် ငွေဆောင်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်မျိုးလှိုင်၊ သလပ်ခွာနယ်မြေစခန်းမှူး ရဲအုပ်ဝင်းမြင့်ထွန်း၊ သစ်တောရဲတပ်ဖွဲ့မှ ဒုရဲမှူးထွန်းထွန်းဝင်းနှင့် ပုသိမ်မြို့နယ် သစ်တောဦးစီးဌာန ငွေဆောင်ဘိနယ်တာဝန်ခံ တောအုပ်အောင်လှိုင်မိုး စသည့်ပူးပေါင်းအဖွဲ့များက သစ်ဖြူကျေးရွာနေထိုင်သူ ကိုထွေး (ခ) သောင်းအေးနှင့် ငဒူး (ခ) ချစ်မင်းနိုင်တို့အား မသင်္ကာသဖြင့် ခေါ်ယူစစ်ဆေးခဲ့သည်။

ယင်းသို့စစ်ဆေးရာမှ သတ်ဖြတ်ထားသော ဆင်သေတစ်ကောင်နှင့် ဆင်သတ်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်းများပါ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တောဆင်ရိုင်းသတ်ဖြတ်သူ ကျန်နှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်နေပြီး ဖမ်းဆီးရရှိမှုတွင် အစွယ်မရှိ တောဆင်ရိုင်းအထီး အသေတစ်ကောင်၊ ဆင်သားရေများနှင့်အတူ ဆင်သတ်ရာတွင် အသုံးပြုသည့် တူမီးသေနတ်တစ်လက်၊ ဒူးလေး၊ ယမ်းမှုန့်များ ဆက်လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“မနေ့က ဖမ်းမိခဲ့ပါတယ်။ ဖြစ်စဉ်ကိုတော့ ရဲတပ်ဖွဲ့က တင်ပြထားတယ်။ နှစ်ဦးမိပြီး နှစ်ဦးလွတ်နေတယ်။ သစ်တောဦးစီးကတော့ ဒီနေ့တရားလိုလုပ် အမှုဖွင့်သွားမှာဖြစ်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောကြားသည်။

ဖမ်းဆီးရမိခဲ့သည့် တရားခံနှစ်ဦးအား ငွေဆောင်နယ်မြေရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။