သြင်္ကန်ပြီးကာလ ပြောင်းဖူးစေ့ဈေး သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၃၃၀၀၀ ရှိပြီး ယမန်နှစ်ထက် ဈေးကောင်းနေ

သြင်္ကန်ပြီးကာလ ပြောင်းဖူးစေ့ဈေး သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၃၃၀၀၀ ရှိပြီး ယမန်နှစ်ထက် ဈေးကောင်းနေ
Published 22 April 2018

ပြည်တွင်း တိရစ္ဆာန်အစားစက်ရုံများနျှင့် တရုတ်ပြည် ဝယ်လက်များ၏ လိုအပ်ချက်ရှိနေသည့် ပြောင်းဖူးစေ့သည် မနှစ်ကသြင်္ကန်အပြီး ပြောင်းဖူးစေ့ဈေး ကျပ် ၂၇၀၀၀ ရှိပြီး ယခုနှစ်သြင်္ကန်အပြီး ပြောင်ဖူးစေ့ဈေးမှာ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၃၃၀၀၀ ရှိကာ ယမန်နှစ်ထက် ဈေးကောင်းနေသည်ဟု မန္တလေးပဲကုန်သည်များထံမှ သိရသည်။

ယခုနှစ် ပြောင်းဈေးနှုန်းသည် ပေါ်ပေါ်ချင်း ဈေးနှုန်းအမြင့်ဖြင့် ဖွင့်ခဲ့ပြီး ၂၀၁၇ ခုနှစ် လက်ရှိအချိန်တွင် ပြောင်းဖူးစေ့ဈေးသည် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၂၄၀၀၀ ဈေးရှိကာ ယခုနှစ် မတ် ၁၇ ရက် ပြောင်းဖူးစေ့ဈေးသည် ကျပ် ၃၅၀၀၀ အထိ ဈေးတက်လာပြီးနောက် သြင်္ကန်နားအနီးတွင် ဈေးပြန်အေးခဲ့ပြီး သြင်္ကန်အပြီးတွင် ဈေးတက်သည့်အနေအထားဖြစ်ကာ တရုတ်ပြည်ဝယ်လက်နှင့် ပြည်တွင်းအစားစပ်သမားများ၏ လိုအပ်ချက်ကြောင့် ယခုနှစ် ပြောင်းဖူးစေ့ဈေးက ကောင်းနေမည်ဟု မန္တလေးမြို့ စိုးဝင်းမြင့်ပွဲရုံ မှ ဦးစိုးဝင်းမြင့်က ပြောကြားသည်။

“မန္တလေးဈေးကွက် ပြောင်းဖူးစေ့ဈေးက ၁၈ ရက် ၄ လပိုင်းကနေ မန္တလေးကုန်စည်ဒိုင် စဖွင့်ပြောတယ်။ ပြောင်းဖူးစေ့ဈေး သုံးတင်းဝင်အိတ် တစ်အိတ်ကို ၃၁၀၀၀ ဖြစ်နေတယ်။ ၂၀ ရက်နေ့မှ တစ်ရက်ပဲခြားတယ်။ ပြောင်းဖူးစေ့က ၃၃၀၀၀ ထိုးတက်လာတယ်။ လက်ရှိပြောင်ဖူးစေ့ လက်ကျန်နည်းတယ်။ မြန်မာပြည်ပြောင်းဖူးစေ့ရဲ့ ၈၅ ရာခိုင်နှုန်းကို တရုတ်က ဝယ်နေတာ လွန်ခဲ့တဲ့ငါးနှစ်လောက်က တရုတ်ဝယ်လက်က သူတို့ကြိုက်သလို ဈေးကစားခဲ့တယ်။ အခုလက်ရှိအချိန် က ရောင်းတဲ့သူ ဈေးကွက်အသာစီးရနေတယ်။ ဘာလို့လဲဆို ပြောင်းဖူးစေ့ လက်ကျန်နည်းနေတယ်။ ဝယ်လိုအားများနေတယ်။ ပြည်တွင်းတိရစ္ဆာန်အစား စက်ရုံတွေရဲ့ လိုအပ်ချက်ရှိတာကြောင့် မြင့်တက်နေတယ်။ ပြောင်းဖူးစေ့အသစ်က သြဂုတ်လ၊ စက်တင်ဘာလမှ အသစ်ပေါ်မှာဖြစ်တာကြောင့် ဒီနှစ်က ပြောင်းဖူးစေ့ဈေးကောင်းနေမယ်” ဟု ဦးစိုးဝင်းမြင့်က ပြောကြားသည်။

ပြောင်းဖူးမှာ ရာသီမရွေး စိုက်ပျိုး၍ ရသည့်သီးနှံဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဧရာဝတီမြစ်ရိုး၊ ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့မှ ထွက်ရှိပြီးချိန်ဖြစ်ပြီး လယ်ဝေး၊ ပျဉ်မနားဘက်တို့ လက်ကျန်အနည်းငယ် ကျန်ရှိနေပြီး မြန်မာပြည်အောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသများ ပြောင်းဖူးစေ့ထွက်ရှိနေချိန်ဖြစ်သည်။ ယခင်က ပြောင်းဖူးစေ့များကို ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းက မန္တလေးဈေးကွက်ကို ဝင်ရောက်မှုရှိခဲ့ပြီး ယခုအခါ ရှမ်းပြည်နယ်ဘက် ပြောင်းဖူးစေ့များ နောင်ချိုမှတစ်ဆင့် တရုတ်ပြည်နယ်စပ်ဘက်နှင့် တောင်ကြီးဘက် ပြောင်းဖူးစေ့များက ရန်ကုန်အစာစပ်စက်ရုံများက အများဆုံးဝယ်ကြသည့်အတွက် မန္တလေးဘက်သို့ မရောက်ခဲ့ကြောင်း သိရသည်။