ရခိုင်ပြည်နယ် ပဋိပက္ခများနှင့်ပတ်သက်၍ မြန်မာနိုင်ငံအား စုံစမ်းစစ်ဆေးရေး ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး အရေးယူမှုများလည်း မြှင့်တင်ဆောင်ရွက်သွားမည်ဟု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်သံအမတ် ဆမ်ဘရောင်းဘတ် ပြောကြား

ရခိုင်ပြည်နယ် ပဋိပက္ခများနှင့်ပတ်သက်၍ မြန်မာနိုင်ငံအား စုံစမ်းစစ်ဆေးရေး ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး အရေးယူမှုများလည်း မြှင့်တင်ဆောင်ရွက်သွားမည်ဟု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်သံအမတ် ဆမ်ဘရောင်းဘတ် ပြောကြား
Published 21 April 2018

ရခိုင်ပြည်နယ်ပဋိပက္ခများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအား စုံစမ်းစစ်ဆေးရေးများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး အရေးယူမှုများလည်း မြှင့်တင်ဆောင်ရွက်သွားမည်ဟု နိုင်ငံတကာဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် အမေရိကန်သံအမတ် ဆမ်ဘရောင်းဘတ်က ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့်ရှ်နိုင်ငံအခြေစိုက် Bdnews24 သတင်းဌာန၏ ဧပြီ ၁၉ ရက်တွင် ဖော်ပြချက်အရ သိရသည်။

နိုင်ငံတကာဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် အမေရိကန်သံအမတ် ဆမ်ဘရောင်း ဘတ်က သုံးရက်ကြာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်အပြီး ဒါကာမြို့တွင် သတင်းစာရှင်း လင်းပွဲပြုလုပ်ခဲ့ကာ ကော့ဘဇားမြို့တွင် နေထိုင်နေသော ဘင်္ဂါလီ (မူရင်းသတင်းတွင် ရိုဟင်ဂျာဟုသုံးနှုန်း) ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ ဘင်္ဂါလီ (မူရင်းသတင်းတွင် ရိုဟင်ဂျာဟုသုံးနှုန်း) ဒုက္ခသည်များနှင့် တွေ့ဆုံချိန်တွင် ဆမ်ဘရောင်းဘတ်က လူမဆန်သောရက်စက်မှု ဖြစ်စဉ်များအား ဒုက္ခသည်များထံမှကြားသိခဲ့ရကြောင်း၊ ရခိုင်ပြည်နယ် ပဋိပက္ခသည် မွတ်စလင်ဘာသာဝင်ဖြစ်သော လူအနည်းစုအဖွဲ့အစည်းအား မြန်မာနိုင်ငံမှ ထွက်ခွာသွားစေရန် လူမျိုးသုဉ်းသတ်ဖြတ်မှု များပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံအား စီးပွားရေးပိတ်ဆို့မှုနှင့် အခြားအရေးယူဆောင်ရွက်မှုများအား ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု Bdnews24 သတင်းဌာန၏ဖော်ပြချက်အရ သိရသည်။

မွတ်စလင်များအား ၎င်းတို့၏နေအိမ်များမှ စွန့်ခွာထွက်ပြေးစေရန်အတွက် လိင်အကြမ်းဖက်မှုကို နည်းဗျူဟာတစ်ရပ်အဖြစ် အသုံးပြုခဲ့သည်ဟူသော အခြေအမြစ်မရှိသည့် စွပ်စွဲချက်များကို ပယ်ချကြောင်း နယူးယောက်မြို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ၂၀၁၈ ခုနှစ် ဧပြီ ၁၆ ရက်တွင် ကျင်းပသည့် အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိစ္စနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တံခါးဖွင့်ဆွေးနွေးပွဲတစ်ရပ်သို့ တက်ရောက် ပြီး အမျိုးသမီးများအကြမ်းဖက်မှု ကာကွယ်တားဆီးရေးနှင့် အရေးယူဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးရာ၌ ထည့်သွင်းပြောကြားထားသည်။

ပဋိပက္ခနှင့် ဆက်စပ်သည့် အမျိုးသမီးများအား အကြမ်းဖက်မှုကာကွယ် တားဆီးရေးနှင့်ပတ်သက်၍ အတွင်းရေးမှူးချုပ်၏ နှစ်စဉ်အစီရင်ခံစာတွင် အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် အရေးပါသည့် ခြေလှမ်းများ စတင်နိုင်ခဲ့သည်ဟု အသိအမှတ်ပြုထားကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံအနေဖြင့် အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ရုံးနှင့် အပြုသဘောဆောင်စွာ ချိတ်ဆက်ဆောင်ရွက်ရန် စိတ်ရင်းမှန်ဖြင့် ကြိုးပမ်းလျက်ရှိသော်လည်း မြန်မာ့တပ်မတော်အား အစီရင်ခံစာ၏ နောက်ဆက်တွဲစာရင်းတွင် ထည့်သွင်းထားသည်မှာ လွန်စွာစိတ်မကောင်းဖွယ်ဖြစ်ကြောင်းနှင့် အတည်မပြုနိုင်သည့် စွပ်စွဲချက်များပေါ်တွင် အခြေခံ၍ နောက်ဆက်တွဲစာရင်းတွင် ယင်းသို့ထည့်သွင်းရန်  ဆုံးဖြတ်ခဲ့ကြောင်း သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ရှင်းလင်း ပြောကြားသည်။

ထို့ပြင် စွပ်စွဲထားသည့်အမှုများကို စုံစမ်းဖော်ထုတ်ရေးအတွက် ကော့ဘဇားစခန်းရှိ ထိခိုက်စော်ကားခံရသူဆိုသူများကို သွားရောက် တွေ့ဆုံမေးမြန်းရန် မိမိတို့ဘက်မှ ကြိုးပမ်းခဲ့သော်လည်းစနစ်တကျ တွေ့ဆုံမေးမြန်းခွင့်ပြုရန် တောင်းဆိုမှုကို ငြင်းဆန်ခဲ့ခြင်းကြောင့် စွပ်စွဲမှုများကို အတည်မပြုနိုင်ခဲ့သည့်အပေါ် အလွန်စိတ်ပျက်ရကြောင်းလည်း သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဆက်လက်ပြောကြားသည်။

ထို့အတူ အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည့် လိင်အကြမ်းဖက် မှုစွပ်စွဲချက်နှင့်ပတ်သက်၍ မည်သည့် လူ့အခွင့်အရေးချိုးဖောက်မှုကိုမျှလျစ်လျူရှုရန် မရှိကြောင်းဖြင့် မြန်မာအစိုးရ၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ သက်သေအထောက်အထား ခိုင်လုံစွာရှိပါက မည်သည့်ချိုးဖောက်သူကိုမဆို အကာအကွယ်မပေးဘဲ ဥပဒေနှင့်အညီအရေးယူသွား မည်ဖြစ်ကြောင်း၊ အင်းဒင်အဖြစ်အပျက်တွင် ပါဝင်ပတ်သက်ခဲ့သည့် တပ်မတော်သားခုနစ်ဦးကို မကြာမီက အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀)နှစ် ချမှတ်ခဲ့ခြင်းသည် တရားဥပဒေစိုးမိုးရေးအတွက် အစိုးရ၏ခိုင်မာသည့် ကတိကဝတ်ကို ရှင်းရှင်းလင်းလင်းပြသလိုက် ခြင်းဖြစ်ကြောင်း သံအမတ်ကြီး ဦးဟောက်ဒိုစွမ်းက ပြောကြားထားသည်။