နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားတွင် အနည်းဆုံးလစာ တိုးမြှင့်မှုနှင့် ပတ်သက်ပြီး တွက်ချက်မှု မှားယွင်းစွာ ဖော်ပြခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ထုတ်ပြန်

နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားတွင် အနည်းဆုံးလစာ တိုးမြှင့်မှုနှင့် ပတ်သက်ပြီး တွက်ချက်မှု မှားယွင်းစွာ ဖော်ပြခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ထုတ်ပြန်
Published 19 April 2018

နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားတွင် အနည်းဆုံးလစာ တိုးမြှင့်မှုနှင့် ပတ်သက်ပြီး တွက်ချက်မှု မှားယွင်းစွာ ဖော်ပြခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဧပြီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၂၀၁၈ ခုနှစ် ဧပြီ ၁၇ ရက် နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် မိမိတို့ ဝန်ကြီးဌာန၏ မှားယွင်းတွက်ချက်မှုအရ “အမှုထမ်းတစ်ဦး၏ အနည်းဆုံး လစာ ၁၂၀၀၀၀ ကျပ်မှ ၁၃၈၀၀၀ ကျပ်အထိ တိုးမြှင့်သွားမည်”ဟု ဖော်ပြ ပါရှိခဲ့ကြောင်း၊ ယင်းဖော်ပြချက်အစား တွက်ချက်မှု အမှန်ဖြစ်သည့် “အမှုထမ်းတစ်ဦး၏ အနည်းဆုံး လစာမှာ ၁၂၀၀၀၀ ကျပ်မှ ၁၄၄၀၀၀ ကျပ်အထိ တိုးမြှင့်သွားမည်”ဟု ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံအပ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မြန်မာနှစ်ဆန်း ၁ ရက်နေ့ ဖြစ်သည့် ဧပြီ ၁၇ ရက်တွင် မြန်မာ့ရိုးရာ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က “အလုပ်သမားတစ်ဦးရဲ့ တစ်နေ့အတွက် အနည်းဆုံး အခကြေးငွေ ၄၈၀၀ ကျပ်နှုန်းနဲ့ လိုက်လျောညီထွေ ဖြစ်စေရန် အမှုထမ်းလစာများ အားလုံးကို ရာခိုင်နှုန်း ၂၀ တိုးမြှင့်ပေးပြီး အရာထမ်းလစာများကို (၁၀) ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ စီစဉ်တွက်ချက်ပြီး ဖြစ်ပါတယ်။ ယင်းတွက်ချက်မှုအရ အမှုထမ်းတစ်ဦးရဲ့ အနည်းဆုံးလစာမှာ ၁၂၀၀၀၀ ကျပ်မှ ၁၃၈၀၀၀ ကျပ်အထိ တိုးမြှင့်သွားမှာဖြစ်ပြီး အရာထမ်းတစ်ဦးရဲ့ အများဆုံးလစာ မှာ ၅၀၀၀၀၀ ကျပ်မှ ၅၅၀၀၀၀ ကျပ်သို့ တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရက ဝန်ထမ်းတွေအတွက် ယခုလို စီမံဆောင်ရွက်ပေးမှုကို တုံ့ပြန်သောအားဖြင့် နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ဝန်ထမ်းတွေကလည်း တာဝန်ယူမှုဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် အထူးသတိပြုစေလိုပါတယ်” ဟု ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။