သြင်္ကန်နှစ်ကူးကာလအတွင်း တရုတ်နိုင်ငံသို့ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် လမ်းကြောင်းအဟောင်းများမှ သစ်မှောင်ခို အများအပြား ခိုးထုတ်ခဲ့ဟု သိရ

သြင်္ကန်နှစ်ကူးကာလအတွင်း တရုတ်နိုင်ငံသို့ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် လမ်းကြောင်းအဟောင်းများမှ သစ်မှောင်ခို အများအပြား ခိုးထုတ်ခဲ့ဟု သိရ
Published 19 April 2018

မိုးမောက်-လွယ်ဂျယ်လမ်းကြောင်းတွင် ဖရဲသီးများဖုံးကာ တင်ဆောင်လာသည့် ကားအား မိုးမောက်သစ်တောဌာနတွင် ဧပြီ ၁၈ ရက်က ဖမ်းဆီး စစ်ဆေးနေစဉ်

သြင်္ကန်နှစ်သစ်ကူးကာလတွင် တရုတ်နိုင်ငံသို့ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ လမ်းကြောင်းအဟောင်းများအတိုင်း သစ်မှောင်ခို အများအပြား ခိုးထုတ်ခဲ့ကြောင်း ဒေသခံများနှင့် သစ်မှောင်ခိုနှင့် ဆက်နွှယ်သူများက ပြောကြားသည်။

ကချင်ပြည်နယ်တွင် မိုးမောက်-ကျောက်စခန်း-စိန်လုံ-လွယ်ဂျယ်လမ်းမှလည်းကောင်း၊ ရှမ်းပြည်မြောက်ပိုင်းနှင့် ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသည့်သစ်များကို မန်စီမြို့အရှေ့တောင်ဘက် ဂျာမိုင်-ကျော်ခေါင်မှ ဂုတ်ထိပ်လမ်းအတိုင်းလည်းကောင်း၊ ရှမ်းပြည်မြောက်ပိုင်း မဘိမ်းဒေသမှ လမ်းခွဲပေါင်း အဓိကသုံးသွယ်ရှိပြီး ပထမလမ်းမှာ ကချင်ပြည်နယ် စီအူ-နန့်ဟိုင်မှ မန်ဝိန်းကြီးဒေသ ကျောက်ဖျာဘက်သို့လည်းကောင်း၊ တောလမ်းမှတစ်ဆင့် ဂုတ်ထိပ်လမ်းသို့လည်းကောင်း၊ ဒုတိယလမ်းမှာ ရွှေလီမြစ်ကြောင်းအတိုင်း ဆန်တက်၍ မန်းဝိန်းကြီးဘက်သို့လည်းကောင်၊ မုံးဝီးမှ နန့်ခမ်းဘက်သို့လည်းကောင်း၊ တတိယလမ်းမှာ မဘိန်း-မိုးလိုမှ နန့်ခမ်းဖြတ်လမ်းမှလည်းကောင်း သယ်ထုတ်နေခြင်းဖြစ်သည်။

ယင်းလုပ်ငန်းမှ ပြန်လာသူတစ်ဦးက “သြင်္ကန်ဆိုပေမယ့် ပုံမှန်ပါပဲ။ သြင်္ကန်မတိုင်ခင်လေးကမှ ပိုးများတာရယ်၊ ရှမ်းမြောက်က စစ်ကိုင်းတွင်းငယ်ဘက်က ထွက်လာတဲ့သစ်တွေက မုန့်ညှင်းခင်းရောက်တယ်။ ကချင်ထဲ ဝင်လာတာ။ အဲဒီကနေ ဒီဘက်ထွက်ရတာ အဆင်မပြေရင် ရှမ်းပြည် ရွှေလီမြစ်ဆန်ပြီး မိုးလိုအောက် နန့်လွန်ရွာနားမှာ ဇက်ကူး။ မိုးလိုအထက် ကျူဆာ၊ ငရဲဘက်ကူလိုကူးပေါ့။ ညှိလို့ရတဲ့ဘက်သွားရတာ။ လမ်းကများလွန်းလို့ မမှတ်မိဘူး။ နန့်ခမ်းဘက်ထွက်ရင် ပြည်သူ့စစ်က ၁၀ ဖွဲ့လောက်ရှိတယ်။ နန့်ခမ်းမှာ လွန်ခဲ့တဲ့ရက်ပိုင်းက ကြိုဆိုပါ၏ ဆိုင်းဘုတ်ကြီးတိုက်လဲှပစ်လိုက်လို့ ကားတစ်စီး အဖမ်းခံထိသေးတယ်။ ကားကို စက်ပျက်သွားလို့ ဖမ်းလိုက်ရတာ သိရတယ်။ မနက် ၂ နာရီကြီး။ လက်နက်ကိုင်အဖွဲ့တွေက လမ်းပေါ်မှာမရှိတော့ဘူး။ တပ်များတယ်။ ဖမ်းတဲ့အခါ ဖမ်းတယ်ဆိုတာ ဟန်ပြပါ။ ညှိပြီးပေးရတာပဲ။ မနှစ်ကလို မုန်ညှင်းခင်းဘက်ဆိုင်ကြီးတွေ ရှိပေမယ့် အနှိပ်ခန်းက မထားတော့ဘူး။ မူးယစ်ဆေးတော့ အပြားပေါတယ်။ တရုတ်ဘက်ကနေ ပေပါနဲ့သယ်လာကြတာ။ အရက်လည်း ဂျော်နီအနိမ့်ဆုံးကိုင်တာ။ တစ်လလောက်တော့ ထပ်ဖြစ်ဦးမယ်။ ရှမ်းပြည်မဘိန်းလမ်းကနေ အများကြီးလာနေတာ” ဟု ပြောကြားသည်။

ဆိုင်ကယ်ဖြင့် သစ်မှောင်ခိုသယ်ဆောင်နေသူ ဗန်းမော်မြို့နယ်မှ ရွာသားတစ်ဦးက “မန်စီဘုရားကုန်း အနောက်ကြောလမ်းကို ထွက်တာရှိတယ်။ ဂုတ်ထိပ်လမ်းဟောင်းဘက်ပေါ့။ ကားကြီးတော့မရဘူး။ ဆိုင်ကယ်နဲ့ သယ်ရတာ။ ၁၂ တုံး၊ ၁၆ တုံးပါတယ်။ ငါးပတ်လည်၊ လေးပေတိုပေါ့။ ဂျာမိုင်မှာတော့ ကေအိုင်အေ အခွန်ကောက်တယ်။ စီအူဘက်က လာတာရှိတယ်။ ဧရာဝတီမြစ်ထဲကနေ စာဝတီးတို့၊ ညောင်ပင်သာတို့ ဘက်ကပေါ့။ အဲဒီကလာတာ။ ဆိုင်ကယ်ကရာချီမယ်ဗျ။ လွန်ခဲ့တဲ့ သြင်္ကန်မတိုင်ခင် facebook မှာတက်နေတဲ့ ဆိုင်ကယ်တွေနဲ့ပုံက ဂျာမိုင် KIA စခန်းမှာ ငွေပေးကြရတာ” ဟု ၎င်း၏အတွေ့အကြုံကို ပြောကြားသည်။

သစ်မှောင်ခိုလုပ်ငန်းအများစုမှာ မှောင်ခိုလမ်းကြောင်းမှ သွားနေကြသော်လည်း မိုးမောက်-ကျောက်စခန်း-စိန်လုံ-လွယ်ဂျယ် တရားဝင်လမ်းကြောင်းမှ သယ်ယူနေကြသူလည်း များကြောင်း သိရသည်။

ဗန်းမော်မြို့က ကားသမားတစ်ဦးက “ကျွန်တော်တို့တော့ ဘယ်သူမှ ပွင့်ပွင့်လင်းလင်း မပြောရဲဘူး။ အခုက မိုးမောက်-ကျောက်စခန်း-စိန်လုံ-လွယ်ဂျယ်ကို သယ်နေကြတာက ဝစ်သောက်ကား (လိုင်စင်မဲ့) တွေ။ လမ်းကြေးတွေ တော်တော်ကုန်တယ်။ မိုးမောက်ကျောက်စခန်းမှာကို ခြောက်သိန်းကျပ်လောက်ကုန်တယ်။ ရဲချည်းပဲလေးဖွဲ့။ အားလုံး ၁၀ ဖွဲ့လောက်ရှိမယ်။ ဖားရိုက်တာ။ ငါးပတ်လည် လေးပေတိုတွေသယ်နေကြတာ။ တစ်ခါတလေကျတော့ ၁၀ ဘီး၊ ၁၂ ဘီးတွေနဲ့ ဆန်နဲ့ ဖရဲရောတင်ကြတာ။ ဒီနေ့ (ဧပြီ ၁၈ ရက်) တုန်းကလည်း ၁၀ ဘီးကားက ဖရဲလေးနှစ်လုံးထပ်ပြီး ကျောက်စခန်းက လွတ်သွားတာ။ လွယ်ဂျယ်မရောက်ခင် ၁၇ မိုင်ဖမ်းရော။ မိုးမောက်သစ်တောမှာ ဖမ်းထားတယ်လို့ ပြောတယ်။ တစ်ရက်ကို ငါးစီးလောက်က ဒါမျိုးထွက်ပါတယ်။ လွယ်ဂျယ်ရောက်ရင်တော့ လေးသိန်း-ငါးသိန်း ကျန်တတ်ပါတယ်။ အဖွဲ့စုံကို တစ်လမ်းလုံး ရှိနေတာဗျာ။ အစိုးရက ဘာမှမထိန်းနိုင်ဘူး။ ဝစ်သောက်ကား(လိုင်စင်မဲ့)ကားက ဝန်ထမ်းတွေကို အကျင့်ပျက်အောင်၊ စားပေါက်ချောင်အောင် လုပ်နေတာပဲ” ဟု ပြောကြားသည်။

ရှမ်းပြည်မြောက်ပိုင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သစ်မှောင်ခိုကိစ္စမှာ ယခင်အစိုးရလက်ထက်ကထက် ပိုမိုဆိုးရွားနေပြီး သက်ဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများ၊ အဖွဲ့ အစည်းများ ပါဝင်နေခြင်းမှာ လွန်စွာ ဆိုးရွားသည့် အခြေအနေဖြစ်ကြောင်း ပြောကြားသည်။

၎င်းက “လွှတ်တော်ကိုယ်စားလှယ်ရဲ့ ကိုယ်တွေ့ပြောရရင် အခုလက်ရှိအချိန်အထိ ဖြစ်နေတယ်။ ၁၉၉၅ ခုနှစ်လောက်ကတည်းက ခိုးနေတာ။ သြင်္ကန်မှမဟုတ်ဘူး။ အချိန်ပြည့် ဖြစ်နေတာ။ အပိုအလိုရှိချင်ရှိမှာပေါ့။ အတိအကျနဲ့ တိုင်ပြန်တော့လည်း မတွေ့ဘူးလို့ အကြောင်းပြန်တာပါ ရှိနေတယ်။ ရွှေသမင် ဘယ်ကထွက်လဲဆိုတော့ မင်းကြီးတာကထွက်တာပါ။ အားလုံးပါတယ်လို့ ပြောချင်တာ။ လူထုကလည်း ငါမခိုးလည်း သူများခိုးနေတာဆိုပြီး အားလုံးပါနေတယ်။ နည်းတာမဟုတ်ဘူး ထွက်နေတာ။ ရွှေဥဒေါင်းသားငှက်ထိန်းသိမ်းရေး၊ သစ်တောကြိုးဝိုင်းပြောင်ပြီ။ နှစ်ထပ်ကြိုးဝိုင်းနော်။ ပြောင်ပြီ။ ရွှေလီမြစ်ဘေးမှာ။ ရွှေဥဒေါင်းမှတ်တမ်းထဲက ရွှေလီမြစ်ဘေးတောတွေ မရှိတော့ဘူး။ ဘယ်လက်နက်ကိုင်မှ မရှိတဲ့နေရာမှာ။ အထက်ဘက် ရောက်သွားရင်တော့ ပလောင်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့တွေရှိတယ်။ သူတို့လည်း ရသလောက်ယူတယ်။ ခိုးထုတ်နေတာ အရင်အစိုးရထက်များပါတယ်။ အစိုးရအဖွဲ့ကလည်း ဘယ်ဝန်ကြီးမှ အောက်ခြေရောက်မဆင်းဘူး။ နှစ်နှစ်ကျော်ပြီလေ။ ကျန်တဲ့အဖွဲ့တွေ ဘယ်လောက်ယူတယ် မပြောပါဘူး။ အရင်အစိုးရလက်ထက်မှာ လွှတ်တော်ကိုယ်စားလှယ်ကြေးဆိုတာတောင် ဖြစ်ခဲ့တယ်။ ရှေ့ဆက်ပြီးလည်း ကျွန်မတို့ မတားနိုင်ဘူး။ နာမည်ထွက်မှ ဖမ်းတယ်။ ရှေ့ဆက်ဖြစ်ဦးမှာပဲ။ ငွေပေးလို့ ရလို့ လာနေကြတာလေ။ ဆိုးကျိုးက သစ်မှောင်ခိုလမ်းကြောင်းပေါ်က ရွာတွေ ဘယ်ရွာမှ မူးယစ်ဒဏ်မလွတ်ဘူး။ သေချာတာက ဒီသစ်သယံဇာတက ကျွန်မတို့ဒေသကို ရေရှည်အကျိုးမပြုဘူး။ ရွာတိုင်းမှာ မူးယစ်ပြဿနာက နံပါတ်(၁)ပဲ။ ရှင်းလို့လည်း မရဘူး။ အစိုးရကလည်း ကိုင်တွယ်ပုံမဟုတ်သေးဘူးလိုပဲ ပြောချင်တယ်” ဟု သစ်မှောင်ခို ခိုးထုတ်မှုများနှင့် ပတ်သက်၍ ပြောကြားသည်။

ဗန်းမော်ခရိုင်အတွင်းနှင့် ရှမ်းပြည် မြောက်ပိုင်းများတွင် နှစ်စဉ်သစ်မှောင်ခို လုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက်တွင် လာဘ်ပေးလာဘ်ယူမှု၊ မူးယစ်ဆေးဝါးများ သုံးစွဲခြင်း မြင့်တက်လာမှု၊ လူမှောင်ခိုဖြစ်ပွားမှုများပါ ဖြစ်ပေါ်ခဲ့ပြီး ဒေသအတွင်း နှစ်ဖက်လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရဝန်ထမ်းအရာရှိများ၊ လွှတ်တော်ကိုယ်စားလှယ်ဝန်ထမ်းများပါ လာဘ်ပေးလာဘ်ယူမှုတွင် ပါဝင်ပတ်သက်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မည်သည့်စစ်ဆေးမှုမျှ လုပ်ခဲ့သည်ကို မတွေ့ရပေ။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံတစ်နိုင်ငံလုံး အနေဖြင့် သစ်တန်ပေါင်း (ကျွန်း၊ သစ်မာ၊ အခြား) ငါးသောင်းကျော် (၅၀၀၂၆ ဒသမ ၄၉၈၄ )တန် ဖမ်းဆီးနိုင်ခဲ့ပြီး ယင်းတို့အနက် ကချင်ပြည်နယ်တွင် ဖမ်းဆီးမှု (ကျွန်း၊ သစ်မာ၊ အခြား) ဖမ်းဆီးမှုမှာ ၁၀၀၉၂ ဒသမ ၇၀၁၉ တန်ရှိသဖြင့် ပြည်နယ်နှင့်တိုင်းများတွင် အများဆုံးဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ် ဧပြီမှ ဒီဇင်ဘာလကုန်အထိ တရားမဝင်သစ် (ကျွန်း၊ သစ်မာ၊ အခြား) စုစုပေါင်း ၃၂၄၃ ဒသမ ၀၂၅၆ တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ် ဇန်နဝါရီလကုန်အထိ သစ် ၁၁၉၂၉၈ ဒသမ ၆၅၅ တန် (တန်တစ်သိန်း တစ်သောင်းကျော်) ဖမ်းဆီးရမိပြီး နယ်မြေမအေးချမ်းစဉ် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် တရုတ်နိုင်ငံသို့ သစ်မှောင်ခို အလွန်အကျွံ တင်သွင်းခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ သစ်မှောင်ခိုလုပ်ငန်းများသည် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ ၂၀၁၇ ခုနှစ်အထိ ပွင့်လင်းရာသီအစပိုင်းမှ စတင်ကာ မိုးကျသည်အထိ ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ဒေသအနှံ့တွင် ဖြစ်ပေါ်နေဆဲဖြစ်သည်။

အစိုးရတပ်နှင့် ကေအိုင်အိုင်လက်နက်ကိုင်အဖွဲ့တို့ ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်း သစ်မှောင်ခိုကိစ္စကို အကြောင်းပြု၍ ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး သစ်တန်ပေါင်းများစွာ ဖမ်းဆီးမိခဲ့သည်။ ယင်းသစ်များမှာလည်း ကသာခရိုင်နှင့် ကချင်ပြည်နယ် ရွှေကူမြို့နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်၊ မိုးမောက်ဘက်မှ ရောက်ရှိလာသော ကျွန်းနှင့် တမလန်းသစ်များဖြစ်ကြောင်း သိရသည်။

တပ်မတော်နှင့် ကေအိုင်အေလက်နက်ကိုင်အဖွဲ့တို့ ၂၀၁၁ ခုနှစ်နောက်ပိုင်း ပွင့်လင်းရာသီရောက်တိုင်း သစ်မှောင်ခိုကိစ္စကို အကြောင်းပြု၍ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် တရုတ်နိုင်ငံ သစ်ခိုးထုတ်မှောင်ခိုဂိုဏ်း တစ်ခုကို ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ကန်ပိုင်တည်မြို့နယ်၊ ဆဒုံးမြို့နယ်တို့တွင် လူ ၁၅၅ ဦး၊ ကားအစီးရေ ၄၀၀ ကျော်နှင့် အခြားယာဉ်ကြီးများကို ဖမ်းမိခဲ့သော်လည်း သစ်ခိုးဂိုဏ်သူဌေးများကိုမူ ဖမ်းမိခြင်းမရှိပေ။

ယင်းတရုတ်နိုင်ငံသား ၁၅၅ ဦးကို အပက -၃ ဖြင့် စွဲချက်တင်ခဲ့ပြီး ၂၀၁၅ခုနှစ် ဇူလိုင် ၂၂ ရက်တွင် မြစ်ကြီးနားခရိုင်တရားရုံးမှ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သော်လည်း မြစ်ကြီးနား အကျဉ်းထောင်အတွင်း ရှစ်ရက်အကြာ ဇူလိုင် ၂၉ ရက်တွင် နိုင်ငံတော်သမ္မတ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည် လွတ်မြောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent