တောင်ကြီးမြို့တွင် သြင်္ကန်တွင်း ရေဝယ်သူများသဖြင့် ရေကားများ တန်းစီစောင့်ဆိုင်းနေရ

တောင်ကြီးမြို့တွင် သြင်္ကန်တွင်း ရေဝယ်သူများသဖြင့် ရေကားများ တန်းစီစောင့်ဆိုင်းနေရ
Published 17 April 2018

တောင်ကြီးမြို့တွင် သြင်္ကန်ကာလအတွင်း ရေဝယ်ယူသူ များပြားသဖြင့် ရေကားများ တန်းစီစောင့်ဆိုင်းနေရသည်ကို တွေ့ရစဉ်

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် သြင်္ကန်ကာလအတွင်း ရေဝယ်ယူသူ များပြားသဖြင့် ရေကားများတန်းစီစောင့်ဆိုင်းပြီး ရေဝယ်ယူနေရကြောင်း သတင်းရရှိသည်။

တောင်ကြီးမြို့ ရပ်ကွက် ၂၂ ခုတွင် ရပ်ကွက်အလိုက် ရေရောင်းသော အဝီစိတွင်းများရှိကြပြီး အဝီစိတွင်းများသည် တစ်နေ့လျှင် ရေကား ၅၀ ခန့်သာ ပုံမှန်ထွက်ရှိသဖြင့် သြင်္ကန်တွင်းရေလိုအပ်ချက် များပြားလာရသည့်အတွက် ရေတင်သောထော်လာဂျီကားများ ရေဝယ်ယူရန် နံနက်စောစောထကာ တန်းစီစောင့်ဆိုင်းနေရခြင်း ဖြစ်သည်။

တောင်ကြီးမြို့ ပြည်တော်သာရပ်ကွက်ရှိ အဝီစိတွင်းပိုင်ရှင် ဦးစိုးဝင်း၏ ပြောပြချက်အရ အဝီစိတွင်းတစ်တွင်းသည် တစ်နေ့လျှင် ထော်လာဂျီအစီး ၅၀ ခန့်သာထွက်ရှိပြီး သြင်္ကန်ကာလလေးရက်အတွင်း ထော်လာဂျီ ပေါင်း ၂၀၀ ကျော် ရောင်းချခဲ့ရကြောင်း၊ ထော်လာဂျီတစ်စီးလျှင် ကျပ် ၁၀၀၀ ဖြင့်သာ ရောင်းချကြောင်း၊ ရေဝယ်လိုအားများသဖြင့် ရေထွက်ရှိမှု နည်းလာကြောင်း သိရသည်။

“ရေကပုံမှန်ပဲထွက်တယ်။ ခုလိုပဲတန်းစီ စောင့်ရတာပေါ့။ တစ်ရက်ကိုအစီး ၅၀ လောက်ရှိတယ်။ ငါးဆယ်ပတ်လည်ပေါ့။ ငါးဆယ်ကျော်တာလဲရှိတယ်။ ဒီလောက်ပဲ ထုတ်ပေးနိုင်တယ်။ ရေအထွက်တော့ လျော့နည်းလာတယ်။ အရင်ကထက် နည်းနည်းလေး လျော့တယ်” ဟု ရေအရောင်းဆိုင်မှ ဦးစိုးဝင်းက ပြောကြားသည်။

မဟာသြင်္ကန်ကာလအတွင်း မဏ္ဍပ်များသို့ ရေရောင်းချရာတွင် ထော်လာဂျီတစ်စီးလျှင် ကျပ် ၆၀၀၀ မှ ၈၀၀၀ အထိ ဝေးလျှင်ဝေးသလို ဈေးပိုရကြောင်း၊ တစ်နေ့လျှင် အစီး ၂၀ ကျော် ရောင်းချနိုင်ရန်အတွက် နံနက်စောစောထကာ အဝီစိတွင်းတွင် ထော်လာဂျီများ တန်းစီစောင့်ဆိုင်းနေရကြောင်း၊ အိမ်သုံးများထက် မဏ္ဍပ်များကို ဦးစားပေး ပို့ဆောင်နေခြင်းဖြစ်ကြောင်း ထော်လာဂျီမောင်းသူကို မင်းဆန်းဦးက ပြောကြားသည်။

“တချို့ကျတော့ ရေဖြုန်းတာလေ၊ မဏ္ဍပ်တွေက တစ်ယောက်တည်း ငွေပေးရတာ မဟုတ်ဘူး။ အိမ်တွေကိုပို့လိုက်ရင် တစ်အိမ်ကို ၄၀၀၀ အနည်းဆုံးယူတယ်။ မဏ္ဍပ်တွေကတော့ ဒီချိန်လေး နည်းနည်းလေး ပိုက်ဆံပိုရတာပေါ့။ ကျွန်တော်တို့တွေ ခုလိုပေါ့။ ရေကားတစ်ကားရဖို့ အရေးကို တစ်နာရီလောက် တန်းစီစောင့်ဆိုင်းရတယ်။ တစ်ရက်ကို မနက်အစောကြီးထရင် ၁၅ ခေါက် ၂၀ လောက်ရတယ်။ အဲဒါဆိုရင် မနက်အစောကြီး အိမ်တွေလည်း ပို့နိုင်သလို၊ ၈ ခွဲ ၉ နာရီလောက် မဏ္ဍပ်တွေ ပို့ရတယ်။ ရပ်ကွက်တွေထဲမပို့ဘဲ မဏ္ဍပ်တွေ ဦးစားပေးပို့ရတဲ့အတွက် နည်းနည်းလေး ပိုတောင်းတာပါ။ သူများတွေ ရေလိုချင်လို့ လာခေါ်လည်း မလိုက်နိုင်ဘူး။ ရေထွက်အားနည်းနေတော့ တန်းစီစောင့်ရတာပေါ့။ သြင်္ကန်မတိုင်ခင်ကတော့ မြန်တာပေါ့။ ခုလိုတန်းစီစောင့်ရတာတော့ အခေါက်ရေ နည်းသွားတာပေါ့” ဟု ရေကားရောင်းသူ ကိုမင်းဆန်းဦးက ပြောကြားသည်။

တောင်ကြီးမြို့တွင် ဗဟိုမဏ္ဍပ်အပါအဝင် မဏ္ဍပ်ကြီး သုံးခု၊ ဌာနဆိုင်ရာစတုဒိသာ မဏ္ဍပ် ၁၁ ခု၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းတစ်လျှောက်နှင့် ရပ်ကွက်တွင်းမဏ္ဍပ်များလည်း ရေပက်ကစားကြခြင်းဖြစ်ကြောင်း သိရသည်။