ပတ်တာပွန်ပယင်းမှော်တွင် ပယင်း လက်လုပ်လက်စား တစ်ပိုင်တစ်နိုင် တူးဖော်ခွင့် မကြာမီ ချထားပေးရန် စီစဉ်နေ

ပတ်တာပွန်ပယင်းမှော်တွင် ပယင်း လက်လုပ်လက်စား တစ်ပိုင်တစ်နိုင် တူးဖော်ခွင့် မကြာမီ ချထားပေးရန် စီစဉ်နေ
Published 10 April 2018

ပတ်တာပွန်ပယင်းမှော်တွင် ပယင်းတူးဖော်နေကြစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်ရှိ ပတ်တာပွန်ပယင်းမှော်တွင် ပယင်းလက်လုပ်လက်စား တစ်ပိုင်တစ်နိုင် တူးဖော်ခွင့် မကြာမီ ချထားပေးရန် စီစဉ်နေကြောင်း သိရသည်။

ပတ်တာပွန် ပယင်းမှော်တွင် တရားဝင် တူးဖော်လုပ်ကိုင်နေသော Sea Sun Star ကုမ္ပဏီသည်၂၀၁၈ အောက်တိုဘာလတွင် တူးဖော်ခွင့်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး နောက်ပိုင်းတွင် ပယင်းတူးဖော်ခွင့်ကို လက် လုပ်လက်စားများကို လုပ်ကိုင်ခွင့်ပေးတော့မည် ဖြစ်ကြောင်း ခန္တီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်း၏ ပြောကြားချက်အရ သိရသည်။

“Sea Sun Star ကုမ္ပဏီလုပ်ကွက် ကိုးကွက်နဲ့လေးကွက် စုစုပေါင်း ၁၃ ကွက်မှာ လေးကွက်က အခုဧပြီလအတွင်း သက်တမ်းကုန်မယ်။ ကျန်တဲ့ကိုးကွက်က အောက်တိုဘာမှာကုန်မယ်။ အဲဒါပြီးရင်တော့ ပယင်းတွင်းကို တစ်ပိုင်တစ်နိုင် လုပ်ကွက်တွေ ချပေးတော့မယ်။ ဒေသခံတွေ လုပ်ကိုင်စားသောက်လို့ရအောင် ချပေးတော့မယ်လို့ အမြဲတမ်းအတွင်းဝန် ဒီကိုလာတုန်းက ပြောသွားတယ်။ သက်တမ်းကျန်နေသေးရင်လည်း ကုမ္ပဏီဆွဲထားတဲ့ လုပ်ကွက်တွေကိုချန်ပြီး တိုင်းပေးမယ်လို့ ပြောသွားတယ်။ နောက်ပြီး တစ်ဦးတည်း တစ်ယောက်တည်း လုပ်ကိုင်တာမျိုး ခွင့်မပြုတော့ဘူးပေါ့လေ။ ဒေသခံတွေ လုပ်ကိုင်စားသောက်လို့ရအောင် တစ်ပိုင်တစ်နိုင် တူးဖော်ခွင့်ပေးမယ်။ ကုမ္ပဏီ လုပ်ကွက်တွေ ချမပေးတော့ဘူးလို့ တိုင်းဒေသကြီး အစိုးရကလည်း ပြောသွားတယ်လေ။ ဒါကြောင့် ပယင်းကိုလည်း ဒေသခံတွေ လက်လုပ်လက်စားတွေ လုပ်ကိုင်စားသောက်လို့ရအောင် ချပေးတော့မှာပါ။ အခုလောလောဆယ်ကတော့ ကျောက်တစ်ပိုင်တစ်နိုင် တူးဖော်ခွင့်ချပေးဖို့ အရင်လုပ်နေရတော့ အဲဒါလုပ်ပြီးရင် ပယင်းကို ဆက်လုပ်သွားမှာပါ” ဟု ဦးသိန်းလှိုင်ဝင်းက ပြောကြားသည်။

ပတ်တာပွန် ပယင်းမှော်တွင် တရားဝင်တူးဖော်လုပ်ကိုင်ခွင့် ရရှိထားသော Sea Sun Star ကုမ္ပဏီမှ လက်လုပ်လက်စား တူးဖော်သူများအပေါ်  ရာခိုင်နှုန်း ၃၀ အခွန်ကောက်ခံနေမှုများ ရှိနေသဖြင့် လက်လုပ်လက်စား တူးဖော်နေသူများ အခက်တွေ့နေရသည်။

“အရင်ကတော့ ကျင်းခွန်ပဲကောက်တာပေါ့။ ပေ ၄၀ ရှိတဲ့ ကျင်းကို တစ်နှစ်စာကျပ် ငါးသိန်း၊ ပေ၂၀ ကိုနှစ်သိန်းဆိုပြီး ကောက်တာ။ နောက်ပိုင်းတော့၂၀၁၇ နိုဝင်ဘာလ လောက်ကစပြီး တူးလို့ရလာတဲ့ ပယင်းရဲ့ သုံးပုံတစ်ပုံ၊ ရာခိုင်နှုန်း ၃၀ ကို အခွန်ပေးရမယ်ဆိုပြီး ကောက်လာတယ်။ မပေးရင် ဆက်တူးခွင့်မပေးတော့ဘူး။ အဲဒီလို ကောက်လိုက်တော့ အတော်များများက အဆင်မပြေကြတော့ဘူး။ မတူးနိုင်ကြတော့ဘူး” ဟု ပတ်တာပွန် ပယင်းမှော်တွင် လက်လုပ်လက်စား တူးဖော်နေသူတစ်ဦးက ပြောကြားသည်။

ပတ်တာပွန်ပယင်းမှော်တွင် တရားဝင် တူးဖော်လုပ်ကိုင်ခွင့်ရသော ကုမ္ပဏီမှာ Sea Sun Star ကုမ္ပဏီ တစ်ခုတည်းသာ ရှိကြောင်းနှင့် လုပ်ကွက်တစ်ကွက်လျှင် တစ်ဧက အကျယ်အဝန်းဖြင့် လုပ်ကွက် ၁၃ ကွက် တူးဖော်လုပ်ကိုင်ခွင့် ရထားပြီး ၂၀၁၈ ခုနှစ်အတွင်း ကုမ္ပဏီ၏ တူးဖော်ခွင့်သက်တမ်း ကုန်ဆုံးမည်ဖြစ်ကြောင်း ခန္တီးမြို့နယ် ကျောက်မျက်တူးဖော်ရေးရုံးမှ သိရသည်။