“ဝ” အထူးဒေသ (၂) ဥက္ကဋ္ဌ ဦးပေါက်ယူချန်က နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံရသော ဦးဝင်းမြင့်ထံ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည့်အပေါ် အထူးကျေးဇူးတင်ရှိကြောင်း နိုင်ငံတော်သမ္မတရုံး အကြောင်းပြန်

“ဝ” အထူးဒေသ (၂) ဥက္ကဋ္ဌ ဦးပေါက်ယူချန်က နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံရသော ဦးဝင်းမြင့်ထံ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည့်အပေါ် အထူးကျေးဇူးတင်ရှိကြောင်း နိုင်ငံတော်သမ္မတရုံး အကြောင်းပြန်
Published 8 April 2018

“ဝ” အထူးဒေသ (၂) ဥက္ကဋ္ဌ ဦးပေါက်ယူချန်က နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံရသော ဦးဝင်းမြင့်ထံ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည့်အပေါ် အထူးကျေးဇူးတင်ရှိကြောင်း နိုင်ငံတော်သမ္မတရုံးက အကြောင်းပြန်ကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ဆုမွန်ကောင်းတောင်းပါကြောင်း ပေးပို့သည့်စာကို ကောင်းမွန်စွာ လက်ခံရရှိကြောင်း၊ ထို့သို့ပေးပို့ခြင်းအတွက် ကျေးဇူးဥပကာရ အထူးပင်တင်ရှိပါကြောင်း လမ်းညွန်ချက်အရ ပြန်ကြားအပ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြန်ကြားစာတွင် ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သမ္မတဦးဝင်းမြင့်ထံ “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) ဥက္ကဋ္ဌ ဦးပေါက်ယူချန်က မတ် ၃၀ ရက် နေ့စွဲဖြင့် သဝဏ်လွှာပေးပို့ခဲ့သည်။

အဆိုပါသဝဏ်လွှာတွင် ဦးပေါက်ယူချန်အား အထူးဒေသ(၂) “ဝ” ပြည်နယ်ပြည်သူ့အစိုးရဥက္ကဋ္ဌဟု ဖော်ပြထားသည်။

သမ္မတရွေးကောက်ပွဲတွင် အဆွေတော်သည် မဲအရေအတွက် အများဆုံးဖြင့် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရသည်ဟု ကြားသိရသဖြင့် များစွာဝမ်းမြောက်ဂုဏ်ယူကြောင်း၊ အထူးဒေသ(၂) “ဝ” ပြည်နယ်အစိုးရနှင့် တိုင်းရင်းသားပေါင်းစုံကိုယ်စား မိမိအနေဖြင့် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုအပ်ကြောင်း၊ အဆွေတော်အနေဖြင့် တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း နိုင်ငံတော်၏ငြိမ်းချမ်းရေး၊ စစ်မှန်သောဒီမိုကရေစီဖော်ဆောင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာ နေထိုင်ရေး၊ စီးပွားရေးသာယာ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူပြည်သားများအားလုံး ဘေးကင်းတည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေး စသည်တို့အတွက် စွမ်းဆောင်မှုအသစ်များ သယ်ပိုး ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်ဟု ဦးပေါက်ယူချန်ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားသည်။

မတ် ၂၈ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်သတ္တမပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ နိုင်ငံတော်သမ္မတရွေးချယ်ပွဲ အစီအစဉ်တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးပါဝင်သော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့က ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ထားသော ဦးဝင်းမြင့်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။