ငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့၏ တရားဝင်ဆွေးနွေးပွဲကို ဧပြီလနောက်ဆုံးပတ်တွင် လွိုင်ကော်မြို့၌ ပြုလုပ်မည်

ငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့၏ တရားဝင်ဆွေးနွေးပွဲကို ဧပြီလနောက်ဆုံးပတ်တွင် လွိုင်ကော်မြို့၌ ပြုလုပ်မည်
Published 7 April 2018

ငြိမ်းချမ်းရေးကော်မရှင်နှင့် KNPP တွင် မတ် ၇ ရက်က ရန်ကုန်မြို့ရှိ NRPC တို့ အလွတ်သဘောတွေ့ဆုံစဉ် (ဓာတ်ပုံ- Peace Commission)

NCA ရေးထိုးနိုင်ရေး ငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တရားဝင် တွေ့ဆုံဆွေးနွေးပွဲကို ကယားပြည်နယ်လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမတွင် ဧပြီနောက်ဆုံးပတ်တွင် ပြုလုပ် မည်ဖြစ်ကြောင်း KNPP ဗဟိုကော်မတီဝင် လွိုင်ကော်ဆက်ဆံရေးတာဝန်ခံ ခူးညေးရယ်က ပြောကြားသည်။

KNPP သည် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ပြီး ငြိမ်းချမ်းရေးကော်မရှင်နှင့် တရားဝင်တွေ့ဆုံပွဲအား ဧပြီ ၂၃ ရက်မှ ၂၅ ရက်ကြားတွင် ပြုလုပ်ရန်လျာထားခြင်းဖြစ်ကာ ထိုသို့ တရားဝင်တွေ့ဆုံပွဲကျင်းပနိုင်ရန် ငြိမ်းချမ်းရေးကော်မရှင်နှင့် KNPP တို့၏အကြိုညှိနှိုင်းဆွေးနွေးပွဲကို ဧပြီ ၆ ရက် နံနက်ပိုင်းက လွိုင်ကော်မြို့ရှိ ကယားပြည်နယ်အ စိုးရအဖွဲ့ရုံး ကက်ဘိနက်ခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အကြိုညှိနှိုင်းအစည်းအဝေးတွင်  Local Monitoring Team နှင့် JMC ၊ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး၊ JMC-S နှင့် JMC-L အဆင့်များတွင် နိုင်ငံ တကာအစိုးရများနှင့် အပြည်ပြည်ဆိုင်ရာ ကိုယ်စားလှယ်များက လေ့လာသူအကြံပေးနှင့် နည်းပညာအထောက်အကူ ပြုများအဖြစ် ပါဝင်နိုင်ရေး၊ EITI နှင့် နိုင်ငံတကာလူမှုရေး ကူညီထောက်ပံ့ရေး၊ ပြည်နယ်အတွင်း  INGOs နှင့်  NGO များ လုပ်ငန်းဆောင်ရွက်မှု၊ မူးယစ်ဆေးဝါး သစ်တောပြုန်းတီးမှုနှင့် လူကုန်ကူးမှု၊  ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်များတွင် ဆက်ဆံရေးတာဝန်ခံများ ပြန်လည်ထားရှိရေး၊ နှစ်ဖက်တပ်များသွားလာမှု ဆက်သွယ်မှု  ပြည်နယ်အဆင့်တွင် ညှိနှိုင်းရေး၊ တရားဝင်ဆွေးနွေးပွဲတွင် ပြည်နယ်အတွင်းလေ့လာသူ များနှင့် အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်များ ဖိတ်ကြားလေ့လာရေးကိစ္စ  စသည့် အကြောင်းအရာများကိုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြကြောင်း ခူးညေးရယ်၏ပြောကြားချက်အရ သိရသည်။

သို့ရာတွင် တပ်မတော်နှင့်ပတ်သက်သည့်အချက်များအား ညှိနှိုင်းရာတွင် မည့်သည်ရလဒ်မျှ မရရှိခဲ့ကြောင်း၊ ဆွေးနွေးမှု အချက် ၂၀ တွင် ကျန်ခဲ့သည့် ခြောက်ချက်မှာ တပ်ပိုင်းဆိုင်ရာကိစ္စများသာဖြစ်ကြောင်း ခူးညေးရယ်က ဆိုသည်။

ထို့ပြင် စာချုပ်ပါ သဘောတူညီချက်များထဲတွင် တပ်များသွားလာမှုအား သုံးရက် ကြိုတင်အကြောင်းကြားရမည်ဟုပါရှိသော်လည်း မြန်မာ့တပ်မတော်ဘက်မှ ကြိုတင်အကြောင်းကြားမှု မရှိခြင်းများသည် ထိလွယ်ရှလွယ်သဖြင့် လာမည့်တရားဝင်ဆွေးနွေးပွဲ၌ ထည့်သွင်းဆွေးနွေးရန် တင်ပြထားကြောင်း ခူးညေးရယ်က ပြောကြားသည်။

“ကျွန်တော်ပြောတာကတော့ အရင်တုန်းက သဘောတူညီချက်ထဲမှာဆိုရင် သုံးရက်ကြိုတင် အကြောင်းကြားရမယ်ပေါ့။ အခုက ကျွန်တော်တို့ကြုံနေရတာက ရောက်ပြီးမှ  ပြောတာရှိတယ်။ တစ်ခါတလေလည်း ကျွန်တော်တို့ မသိရတာရှိတယ်ပေါ့။ တစ်ခါတလေတော့ ပြောပါတယ်ပေါ့။ ဒါမျိုးတွေက ကျွန်တော်တို့ နှစ်ဖက်တပ်တွေအတွက် ထိလွယ်ရှလွယ်တယ်ပေါ့နော်။ ပြဿနာဖြစ်လာ နိုင်တယ်။ Sensitive ဖြစ်တယ်ပေါ့။ ကျွန်တော် သူတို့ကိုပြောတယ်။ သူတို့ ပြောပေးမယ်။ ဒါပေမဲ့ အသေးစိတ်ကျတော့ ကျွန်တော်တို့ တကယ့်ဆွေးနွေးပွဲကျရင် ထပ်ပြောမယ်ပေါ့ ”ဟု  ခူးညေးရယ်က ပြောကြားသည်။

အကြိုညှိနှိုင်းဆွေးနွေးပွဲတွင်  ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ခူးဒယ်နီယယ်၊ လွိုင်ကော်ဆက်ဆံရေးရုံး တာဝန်ခံ ခူးညေးရယ်နှင့် အဖွဲ့ဝင်များ တက်ရောက် ကြပြီး အစိုးရဘက်မှ ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ညွှန်ကြားရေးမှူး ဦးမင်းညိုဝင်း နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်ခဲ့သည်။

NLD ပါတီဦးဆောင်သော အစိုးရသစ် လက်ထက်တွင် KNPP သည် NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ ( UNFC) မှတစ်ဆင့်  အခြားသော UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အတူ အစိုးရနှင့် ၁၇ လကျော်ကြာ ဆွေးနွေးခဲ့သည်။

သို့ရာတွင် အစိုးရနှင့် UNFC အကြား ဆွေးနွေးရေးတစ်ဆို့မှု အချို့ဖြစ်ပေါ်နေချိန်တွင် UNFC အဖွဲ့ဝင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့သည် NCA စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သဖြင့် KNPP အဖွဲ့သည် ကျန်ရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၉ ရက် ညပိုင်းက ဖြစ်ပွားခဲ့သော တပ်မတော်နှင့် KNPP ကြား ပဋိပက္ခတွင် တပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ရခြင်းအပေါ် တပ်မတော်က စုံစမ်းစစ်ဆေးနေသည့် အဖြေရလဒ်လည်း NCA စာချုပ်တွင် လက်မှတ်ရေးထိုးရေးအတွက် အချက်တစ်ချက်အဖြစ် ပါဝင်ကြောင်း  KNPP က ပြောကြားထားသည်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP သည် အစိုးရနှင့်အပစ်အခတ်ရပ်စဲရေး ကို  ၂၀၁၂ မှစတင်၍ပြုလုပ်ခဲ့ပြီး ဆက်ဆံရေးရုံးများကိုဖွင့်လှစ်ခဲ့ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များအရ အစိုးရတပ်များ ရွှေ့ပြောင်းသွားလာပါက KNPP ဆက်ဆံရေးရုံးများကို အကြောင်းကြားမည်ဟုဆိုသော် လည်း ၂၀၁၅ ရွေးကောက်ပွဲပြီးနောက်ပိုင်း ကာလအတွင်းတွင် သွားလာလှုပ်ရှားရာ၌ ဆက်သွယ်အကြောင်းကြားမှုများ မရှိခဲ့သည် ကိုတွေ့ရကြောင်း၊ NLD အစိုးရနှင့် KNPP ကြားတွင် အချိတ်အဆက်အားနည်းနေသည့်အပြင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်သွားရသော ဒုက္ခသည်စခန်းတွင် နေထိုင်ရသူများသည်လည်း စားဝတ်နေရေး လူမှုရေးအခက်အခဲများ ပိုမိုကြုံတွေ့နေကြရသည်ကိုတွေ့ရကြောင်း ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က ဧပြီ ၃ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။