မြန်မာနှစ်သစ်ကူးသြင်္ကန် ဆင်နွှဲရန် နေရပ်ပြန်လာသူ မြန်မာလုပ်သား သောင်းနှင့်ချီရှိနေကြောင်း သိရ

မြန်မာနှစ်သစ်ကူးသြင်္ကန် ဆင်နွှဲရန် နေရပ်ပြန်လာသူ မြန်မာလုပ်သား သောင်းနှင့်ချီရှိနေကြောင်း သိရ
Published 7 April 2018

မြန်မာနှစ်သစ်ကူးသြင်္ကန် ဆင်နွှဲရန် နေရပ်ပြန်လာသူ မြန်မာလုပ်သားများအား မြဝတီဘက်ခြမ်းတွင် တွေ့ရစဉ်

အတာသြင်္ကန်ခွင့်ရက် ဒုတိယမြောက်နေ့ ဖြစ်သော ဧပြီ ၆ ရက်တွင် နေရပ် မြန်မာနိုင်ငံသို့ ပြန်လာသူ မြန်မာရွှေ့ပြောင်းလုပ်သား သောင်းနှင့်ချီ၍ရှိကြောင်း သိရသည်။

ထိုင်းအစိုးရ၏ သြင်္ကန်ခွင့်ပြန်ရက် ၂၅ ရက်ကို နိုင်ငံဖြတ်ကျော် အထွေထွေ ဝန်ဆောင်စရိတ် အခမဲ့ ဆောင်ရွက်ပေးသည့် ဧပြီ ၅ ရက်မှစ၍ အလုံးအရင်းဖြင့် နေရပ်သို့ ပြန်လာနေကြရာ ဒုတိယနေ့တွင် နံနက် ၉ နာရီခန့်ကတည်းက တံတားပေါ်မှ ပြန်သူ ၇၀၀၀ ကျော်ရှိပြီဖြစ်ပြီး သောင်းရင်းဖြတ်ကျော် စက်လှေဂိတ်များမှ ပြန်လာကြသူများ ရှိကြောင်း သိရသည်။

နေရပ်ပြန်လာကြသူများမှာ လူငယ်များဖြစ်ပြီး သူငယ်ချင်း အပေါင်းသင်းများနှင့် ပျော်ပျော်ပါးပါး နှစ်သစ်ကူးပွဲ ဆင်နွှဲရန် ဖြစ်ကာ လူလတ်ပိုင်းများ အနေဖြင့် သားသမီး ရှင်ပြု၊ အလှူပြုလုပ်ရန် ပြန်လာခဲ့ကြသည်ဟု ဆိုသည်။

“ကျွန်တော်တို့ကတော့ ထိုင်းမှာလုပ်နေတာလည်း သုံးနှစ်ရှိပါပြီ။ အမေတို့နဲ့ ထားခဲ့တဲ့ သားလေးကို ရှင်ပြုချင်လို့ မဖြစ်မနေ ပြန်လာခဲ့တာ ဖြစ်ပါတယ်။ အမေ၊ အဖေနဲ့ သားလေးကို လွမ်းတာလည်း ပါတာပေါ့” ဟု  နေရပ်ပြန်လာသူ ချောင်းဆုံမြို့နယ်မှ ကိုချစ်ထွန်းက ပြောကြားသည်။

နေရပ်ပြန်သူ များပြားရခြင်းနှင့် ပတ်သက်၍ မြန်မာရွှေ့ပြောင်း လုပ်သားများအား ကူညီဆောင်ရွက်ပေးနေသူ KTG လူမှုကူညီရေးရုံးမှ မန်နေဂျင်းဒါရိုက်တာ ကိုသာကြီးက “ဒီနေ့မနက်မှာပဲ တံတားက ပြန်လာတာ ၇၀၀၀ ကျော်သွားပါပြီ။ ဒါထိုင်းအစိုးရရဲ့ အခမဲ့ ဝန်ဆောင်ခကြောင့်လို့ ပြောရပါမယ်။ ဒါပေမဲ့ ဧပြီ ၃၀ ရက်မတိုင်ခင် ထိုင်းကို ပြန်ဝင်ဖို့တော့ လိုပါတယ်” ဟု ပြောကြားသည်။

ထို့အတူ မြန်မာနိုင်ငံဘက်ခြမ်း၌လည်း နေရပ်ပြန် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများ၏ ပတ်စ်ပို့စာအုပ်များကို ငွေကြေးတစ်စုံတစ်ရာ မယူဘဲ အခမဲ့ ပြည်ဝင်ခွင့် တံဆိပ်တုံး ထုပေးလျက်ရှိကြောင်း သိရသည်။

နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားများ များပြားခြင်းကြောင့် မြို့တွင်း၌ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကာ ယာဉ်လိုင်းမဲ့ ပြင်ပမှ ပြေးဆွဲသော ခရီးသည်ပို့ဆောင်ရေး ကားခဈေးနှုန်းမှာလည်း အနည်းငယ် မြင့်တက်စပြုနေပြီ ဖြစ်ကြောင်း သိရသည်။ ထို့အတူ တစ်ဖက်တွင်လည်း  မိသားစု ဝမ်းရေး ဖြေရှင်းရန် လုပ်အားခ ပိုမိုရရှိသည့် ထိုင်းနိုင်ငံဘက်သို့ နေ့စဉ်ရာနှင့်ချီ ထွက်ခွာလျက်ရှိကြောင်း သိရသည်။