အထောက်အထားမဲ့လုပ်သားများ နေရပ်ပြန်ချိန် ကိုးလကျော်လာသည့်တိုင် နေ့စဉ်ရာချီ၍ ပြန်လာနေဆဲဖြစ်

အထောက်အထားမဲ့လုပ်သားများ နေရပ်ပြန်ချိန် ကိုးလကျော်လာသည့်တိုင် နေ့စဉ်ရာချီ၍ ပြန်လာနေဆဲဖြစ်
Published 5 April 2018

မြဝတီ ပြန်လည်ကြိုဆိုရေးစခန်းသို့ ဧပြီ ၃ ရက် ညနေက ရောက်ရှိလာသည့် မြန်မာနိုင်ငံသား လုပ်သားများအား တွေ့ရစဉ်

ထိုင်းနိုင်ငံအတွင်း အလုပ်ရှင်အလုပ်သမားဥပဒေကြောင့် နေရပ်မြန်မာနိုင်ငံသို့ ပြန်လာနေကြသည်မှာ ကိုးလကျော်လာသည့်တိုင်အောင် နေ့စဉ်ရာနှင့်ချီ၍ ပြန်လာနေကြဆဲဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်ရှင်အလုပ်သမား ဥပဒေသစ်ကြောင့် ဖမ်းဆီးခံရသူနှင့် ဖမ်းဆီးခံရမည်ကို စိုးကြောက်သူအထောက်အထားမဲ့ မြန်မာလုပ်သာများမှာ ၂၀၁၇၊ ဇွန် ၂၉ ရက်မှ စတင်နေရပ်ပြန်ခဲ့ကြရာ ၂၀၁၈ ဧပြီ ၃ ရက်အထိ အမျိုးသား၊ အမျိုးသမီး ၇၂၅၀၁ ဦးထိရှိလာပြီဖြစ်ကြောင်း သိရသည်။

ယခုအခါ နေရပ်မြန်မာနိုင်ငံသို့ ပြန်လာသူများတွင် ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ လုပ်ကိုင်နေသူများအပြင် မလေးရှားနိုင်ငံ သွားရောက်လုပ်ကိုင်နေသူ အများအပြားပါဝင်ကြောင်း မြဝတီကျောက်လုံးကြီး ပြန်လည်ကြိုဆိုရေးစခန်းသို့ ရောက်ရှိလာသူများထံမှ သိရသည်။

ဧပြီ ၃ ရက် ညနေက မြဝတီ ပြန်လည်ကြိုဆိုရေးစခန်းသို့ ရောက်ရှိလာသူ မြန်မာနိုင်ငံသားများအား တရားဝင်အလုပ်သမားအဖြစ် ထိုင်းနိုင်ငံသို့ ပြန်လည်သွားရောက်လုပ်ကိုင်လိုပါက ဆောင်ရန်ရှောင်ရန်များကို အလုပ်သမားလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းပြောကြားသည်။

မလေးရှားနိုင်ငံအတွင် အလုပ်လုပ်ကိုင်ပြီး အထောက်အထားမရှိသူ၊ မစုံလင်သူ၊ ပတ်စ်ပို့စာအုပ် သက်တမ်းပြည့်သူများမှာ ဖမ်းဆီးရေးစီမံချက်ကြောင့် ပွဲစားနှင့်ချိတ်ဆက်ကာ မလေးငွေရင်းဂစ် ၁၂၀၀ ပေးပြီး ပြန်လာခဲ့ရသည်ဟုဆိုသည်။ မလေရှားနိုင်ငံအတွင်း လုပ်ခလစာကောင်းသော်လည်း ပတ်စ်ပို့စာအုပ်သက်တမ်းကုန်ဆုံး၍ နေရပ်သို့ပြန်လာသူ မကွေးမြို့နယ်မှ ကိုအောင်မျိုးသက်က “အလုပ်ကကောင်းပေမဲ့ စာအုပ်သက်တမ်းသုံးနှစ်ပြည့်လို့ ပြန်လာခဲ့ရတာပါ။ မပြန်ရင်အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ပွဲစားကိုရင်းဂစ် ၁၂၀၀ ပေးပြီး ထိုင်းဘက်က ပြန်လာခဲ့ရပါတယ်” ဟု ဧပြီ ၃ ရက်ညနေက ပြောကြားသည်။

မြန်မာနိုင်ငံ ကျောက်လုံးကြီး ပြန်လည်ကြိုဆိုရေးစခန်းသို့ ရောက်ရှိလာသူ မြန်မာနိုင်ငံသားများအား မြဝတီခရိုင်အထွေထွေ အုပ်ချုပ်ရေးဌာနနှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး ထမင်းနှင့်ရေသန့်ဘူးများ ပေးဝေလျက်ရှိကြောင်း သိရသည်။