ယခုလ ပထမပတ် ၁၀ ရက်အတွင်း မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် မိုးထစ်ချုန်းရွာသွန်းနေမည်ဖြစ်ကြောင်း မိုးဇလပညာရှင် ပြောကြား

ယခုလ ပထမပတ် ၁၀ ရက်အတွင်း မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် မိုးထစ်ချုန်းရွာသွန်းနေမည်ဖြစ်ကြောင်း မိုးဇလပညာရှင် ပြောကြား
Published 3 April 2018

နေပြည်တော်တွင် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ဈေးဆိုင်အချို့ ပြိုလဲနေစဉ်

ယခုလ ပမထမပတ် ၁၀ရက်အတွင်း မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် မိုးထစ်ချုန်းရွာသွန်းနေမည်ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဦးချစ်ကျော်က ပြောကြားသည်။

“ဒီနှစ်ဧပြီက ယခင်နှစ်များနဲ့ ကွဲပြားခြားနားပြီး ပူလိုက်မိုးထစ်ချုန်းရွာ အပူပြန်လျော့လိုက်နဲ့ မိုးပြတ်တောင်းပြတ်တောင်းရွာနေမယ့် လမျိုးဖြစ်နိုင်ပါတယ်။ အခုကနေ ဧပြီလ ၁၀ ရက်အတွင်းလည်း မိုးပြတ်တောင်း ပြတ်တောင်းဒေသအလိုက် ပြောင်းရွှေ့ရွာနိုင်တာကို ပြထားပါတယ်။ အလားတူအိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ လာအို၊ ဗီယက်နမ် တရုတ်တောင်ပိုင်းတွေလည်း ရွာနေမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းကတော့ မိုးသက်သာနိုင်လို့ သီးနှံအပေါ်ထိခိုက်မှု သက်သာနိုင်ပါတယ်။လေပြင်းတချို့ သတိပြုစေလိုပါတယ်”ဟု ဦးချစ်ကျော်က ပြောကြားသည်။

ထို့ပြင် ဧပြီ ပထမ ၁၀ ရက်အတွင်း တစ်ပြည်လုံး၌ မိုးထစ်ချုန်းရွာသွန်းမည့် အနေအထားကြောင့် ရေငွေ့လျော့ကျသွားမည်ဖြစ်ပြီး လေဖိအားနည်းရပ်ဝန်းသည် ပထမ ၁၀ ရက် အတွင်းဖြစ်နိုင်ခြေ လျော့ကျသွားနိုင်ကြောင်း ဦးချစ်ကျော်က ပြောကြားသည်။

“စိုက်ပျိုးရေးသမားနဲ့ ဆားသမားများအတွက် အရေးကြီးပါတယ်။ ၁၀ ရက်ကျော်ရင် အပူချိန်ပြန်တက်လာနိုင်ပါတယ်။ ရေငွေ့ပျံနှုန်းလည်း ပြန်မြင့်လာနိုင်ပါတယ်။ အပူချိန် မြင့်တက်မှုလည်းမြန်ပြီး ၅ ရက်မှ ၆ ရက် လောက်ကြာတဲ့အခါ တိမ်တွေပြန်တက်လာပြီး ကွက်ကျားမိုးတွေထစ်ချုန်း ရွာနိုင်ပါတယ်။ အထူးသဖြင့် တနင်္သာရီ၊ မွန်၊ ကရင်၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတွေဖြစ်ပါတယ်။ ဒီရက်ပိုင်းတွေမှာ လေပွေလှိုင်းတွေကြောင့်လည်း မြန်မာနိုင်ငံမြောက်ပိုင်းစွန်း၊ တောင်ပိုင်းစွန်းတွေ မိုးရွာနိုင်ပါတယ်။ သဘောက တပတ်အတွင်း ထစ်ချုန်းမိုးတစ်ကြိမ်လောက်ရွာနိုင်တဲ့ သဘောမျိုးလို့သိစေလိုပါတယ်” ဟု ဦးချစ်ကျော်က ပြောကြားသည်။

ယင်းအပြင် ဧပြီလ ဒုတိယ၁၀ရက်ပတ် (ဧပြီ ၁၁-၂၀ ရက်)အတွင်း မုန်တိုင်း မဖြစ်ခဲ့ပါက တတိယ ၁၀ ရက်တွင် ဖြစ်နိုင်ခြေမြင့်မားလာနိုင်ကြောင်း၊ လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်ကာ ယင်းမှတစ်ဆင့်မုန်တိုင်း ငယ်အဖြစ်ပြောင်းလဲကြောင်း၊ ဘင်္ဂလားပင်လယ်အော်၏ မည်သည့်အပိုင်းတွင်ဖြစ်ပေါ်မည်ကိုလည်း သတိပြုရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဧပြီလတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်သည် ပိုမိုအားကောင်းကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧပြီလပတ် မိုးလေဝသခန့်မှန်းချက်အရ သိရသည်။

ခန့်မှန်းချက်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်ပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း နေပြည်တော်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ပြီး လေပြင်းများ တိုက်ခတ်မှုကြောင့် ဘုရားထီးတော်များ မြေခခြင်း၊ သစ်ပင်များပြိုလဲခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။