ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး Master Plan ကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြထားကာ သြင်္ကန်အပြီး ကျင်းပမည့်လွှတ်တော်အစည်းအဝေးတွင် အတည်ပြုနိုင်မည်ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ပြောကြား

ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး Master Plan ကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြထားကာ သြင်္ကန်အပြီး ကျင်းပမည့်လွှတ်တော်အစည်းအဝေးတွင် အတည်ပြုနိုင်မည်ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ပြောကြား
Published 3 April 2018

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးကျင်းပနေမှုကို တွေ့ရစဉ်(ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့်ပတ်သက်ပြီး Master Plan တစ်ခု ရေးဆွဲထားပြီး တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြထားပြီး သြင်္ကန်အပြီးပြန်လည်ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် အတည်ပြုနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဧပြီ ၂ ရက် က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပသည့် ဒုတိယသမ္မတ-၁နှင့် လုပ်ငန်းရှင်များ (၁၆) ကြိမ်မြောက် တွေ့ဆုံပွဲတွင် ပြောကြားသည်။

“ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ စိုက်ပျိုးရေး Master Plan တစ်ခု ပြုစုထားပါတယ်။ ဒီ Master Plan ကို တိုင်းဒေသကြီး လွှတ်တော်ကို တင်ပြထားပြီးဖြစ်ပါတယ်။ ဒီသြင်္ကန်အပြီး ပြန်လည်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ ဒီ Master Plan ကို အတည်ပြုဖို့ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်ဦး ဖြိုးမင်းသိန်းက ပြောကြားသည်။

ထို့ပြင် စိုက်ပျိုးရေးကဏ္ဍအတွင်း တွက်ခြေကိုက်သည့်သီးနှံများ ပြောင်းလဲစိုက်ပျိုးနိုင်ရေးကိုလည်း ဆွေးနွေးနေကြောင်း၊ ရန်ကုန်မြို့သည် ကုန်စည်စီးဆင်းနိုင်သည့် မြို့ကြီးဖြစ်သည့်အတွက် အခြားကုန်စည်များကို စိုက်ပျိုးရေးတွင်ဆောင်ရွက်မည်ဆိုပါက ပြည်ပတင်ပို့နိုင်ဖို့အတွက် လွယ်ကူမည်ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေးအခြေခံစားသောက်ကုန်လုပ်ငန်းများကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံရန် ဆောင်ရွက်ထားသည့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကာလလတ်သုံးနှစ်စီမံကိန်း အားရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းကိုယ်စား ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က မတ် ၃၀ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၀ ရက်မြောက် နေ့) တွင် တိုင်းဒေသကြီးလွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

“ရန်ကုန်တိုင်းဒေသကြီးဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေအတွက်သာမက လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက်လည်း အလွန်အရေးပါတဲ့ အဓိကဈေးကွက်ကြီး ဖြစ်ပါတယ်။ ပြည်ပတင်ပို့မှုအတွက် ပင်လယ်ရေကြောင်း ဝင်ပေါက်ထွက်ပေါက် ဖြစ်နေသလို ပြည်တွင်းကုန်စည်ကူးသန်းရောင်းဝယ်မှုရဲ့ အဓိကဗဟိုချက်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံအရပ်ရပ်က ထုတ်လုပ်လိုက်တဲ့ စိုက်ပျိုးရေးထွက်ကုန်များကို ရန်ကုန်တိုင်းဒေသကြီးမှာ တည်ရှိတဲ့ စက်ရုံ၊ အလုပ်ရုံများမှ တန်ဖိုးမြင့်တင် (Value – Added) လုပ်ပြီး ပြည်တွင်းပြည်ပဈေးကွက်ကို ဖြန့်ဖြူးရောင်းချတာဖြစ်လို့ ယခုစီမံကိန်းရေးဆွဲရာမှာ ဖွံ့ဖြိုးရေးအပိုင်းကို ဦးစားပေးထားသလို ထောက်ပံ့ရောင်းဝယ်ရေးနှင့် တန်ဖိုးကွင်းဆက် (Supply Chain) နှင့် (Value – Chain) တစ်လျှောက်ပါဝင်တဲ့ နိုင်ငံတကာအဆင့်မြှင့်တန်ဖိုးမြှင့်တင်ပြီး သန့်စင်ထုတ်လုပ်ကာ စိုက်ပျိုးရေး အခြေခံစားသောက်ကုန်လုပ်ငန်းများကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံဖို့ ဆောင်ရွက်ထားပါတယ်” ဟု ဦးဇော်အေးမောင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွင်၂၀၁၈မှ ၂၀၂၁ခုနှစ်အထိ ဘဏ္ဍာရေးအရ သုံးနှစ်ပြက္ခဒိန်နှစ်အရ လေးနှစ်တာကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် မူဝါဒများ ၊ရည်ရွယ်ချက်များ၊ မဟာဗျူဟာများနှင့် အကြံပြုသည့်လုပ်ငန်းစဉ်များ ပါဝင်ကြောင်း၊ ထို့ပြင် စီမံကိန်းကာလအတွင်း ဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ ၊ ပုဂ္ဂလိကအစိုးရ ပူးပေါင်းဆောင်ရွက်မည့် (PPP) စီမံကိန်းများကိုလည်း ရေးဆွဲထားကြောင်း  သိရသည်။