နိုင်ငံနှင့်သက်ဆိုင်သည့် ကိန်းဂဏန်းများအား ပြည်သူများထံ စဉ်ဆက်မပြတ်အသိပေးရန် ညွှန်ကြားထားကြောင်း နိုင်ငံတော်အစိုးရတာဝန်ထမ်းဆောင်မှု နှစ်နှစ်ပြည့်မိန့်ခွန်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ထည့်သွင်းပြောကြား

နိုင်ငံနှင့်သက်ဆိုင်သည့် ကိန်းဂဏန်းများအား ပြည်သူများထံ စဉ်ဆက်မပြတ်အသိပေးရန် ညွှန်ကြားထားကြောင်း နိုင်ငံတော်အစိုးရတာဝန်ထမ်းဆောင်မှု နှစ်နှစ်ပြည့်မိန့်ခွန်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ထည့်သွင်းပြောကြား
Published 2 April 2018

နိုင်ငံတော်နှင့် သက်ဆိုင်သည့် ကိန်းဂဏန်းများအား ပွင့်လင်းမြင်သာမှု အလေးထားသည့် အစိုးရပီပီ ပြည်သူများထံ စဉ်ဆက်မပြတ် အသိပေးရန် ညွှန်ကြားထားကြောင်း ဧပြီ ၁ ရက်က နိုင်ငံတော်အစိုးရ တာဝန်ထမ်းဆောင်မှု နှစ်နှစ်ပြည့်မိန့်ခွန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ ကျွန်မတို့အစိုးရရဲ့ အဓိကရည်မှန်းချက်တွေထဲမှာ ပြည်သူများရဲ့လူမှုစီးပွားရေး ဘဝတိုးတက်မြင့်မားရေးလည်း ပါပါတယ်။ ဒီရည်မှန်းချက်များကို ဘယ်လောက်အထိ ဖြစ်မြောက်အောင် စွမ်းဆောင်နိုင်တယ်ဆိုတာက တကယ်တော့ ပြည်သူတွေကပဲ ဆုံးဖြတ်နိုင်ပါတယ်။ လမ်းတွေ ဘယ်နှမိုင် ဖောက်နိုင်တယ်၊ တံတားတွေ ဘယ်နှခု တိုးတက်လာတယ်။ လျှပ်စစ်မီးရသွားတဲ့ ကျေးရွာတွေမြို့တွေ ဘယ်လောက်များလာတယ်စသဖြင့် မွေးကင်းစ၊ မိခင်နဲ့ကလေးဆုံးရှုံးမှုနှုန်း ဘယ်လောက်မြင့်နေသေးတယ်။ ရင်းနှီးမြှုပ်နှံမှု ဘယ်လောက်နည်းနေသေးတယ်။ ငွေကြေးဖောင်းပွမှု ဘယ်လောက်ရှိနေသေးတယ်။ ဒါတွေကို ကိန်းဂဏန်းတွေကို ပြည်သူတွေကို ပွင့်လင်းမြင်သာမှု အလေးထားတဲ့အစိုးရပီပီ စဉ်ဆက်မပြတ် အသိပေးဖို့ညွှန်ကြားထားပါတယ်။ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှုကို ကိန်းဂဏန်းနဲ့ ဖော်ပြလို့မရပါဘူး။ တစ်ခါတလေလည်း အဖွဲ့အစည်းများအကြား ကိန်းဂဏန်းတွက်ချက်မှု မတူညီတာကြောင့်မို့လို့ အဖြေမှန်သိဖို့ခက်ပါတယ်။ ကိန်းဂဏန်းတွေက ပြနေတဲ့အခြေအနေဟာ ပြည်သူများရဲ့ လူမှုဘဝစီးပွားအပေါ် ဘယ်လောက်သက်ရောက်မှုရှိသလဲဆိုတာက အဓိကပါ။ ဥပမာ ယခင်နှစ်အတွင်းမှာ ပြည်ပဆန်တင်ပို့မှုဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း အမြင့်ဆုံးအဆင့် ရောက်သွားပါတယ်။ ဒီတိုးတက်မှုဟာ ကျွန်မတို့ တောင်သူလယ်သမားများ ဘဝအပေါ်ဘယ်လို အကျိုးသက်ရောက်မှုရှိလဲဆိုတာကတော့ ဒါကအဓိကပါပဲ။ ဒါတွေကို ဆန်းစစ်ပြီးမှ ကျွန်မတို့မူဝါဒလုပ်ဆောင်မှုတွေကို ချမှတ်ပြင်ဆင်ရမှာပါ။ လာမယ့်နှစ်အတွင်း ပြည်သူပြည်သားများအတွက် အမှန်တကယ် အကျိုးဖြစ်စေမယ့်ဆောင်ရွက်မှုများကို ထပ်မံသတ်မှတ်ပြီး နှစ်ကူးချိန်မှာ ချပြသွားမှာ ဖြစ်ပါတယ်။ ဘယ်လိုစီမံကိန်းတွေပဲ ချမှတ်ချမှတ် အကောင်အထည်ဖော်ရာမှာ စုပေါင်းလုပ်ဆောင်ခြင်းကသာ အောင်မြင်ခြင်းရဲ့အဓိက အကြောင်းတရားဖြစ်ပါလိမ့်မယ်။ အစုအဖွဲ့ဂိုဏ်းဂဏ အစိတ်တွေဖယ်ရှားပြီး နိုင်ငံပြည်သူများအကျိုးသယ်ပိုးရာမှာ မည်သူ့ကိုမှ လက်ညှိုးမထိုး၊ မိမိရဲ့စေတနာ၊ ပညာ၊ သတ္တိတွေကိုသာ အထွတ်အထိပ်ရောက်အောင် ကြိုးစားဆောင်ရွက်မယ်ဆိုရင် ဘယ်လိုကြီးမားတဲ့စိန်ခေါ်မှုပဲဖြစ်ပါစေ ကျော်လွှားနိုင်မယ်လို့ ခိုင်မာစွာယုံကြည်ပါတယ်” ဟု  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အလားတူ ယခုနှစ် ပြည်သူကို အစီရင်ခံရာတွင် အကြီးဆုံးအရေးကြီးဆုံး တင်ပြဆွေးနွေးရမည့် ကိစ္စတစ်ရပ်မှာ  နိုင်ငံတော်သမ္မတသစ်တင်မြှောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို တန်ဖိုးထားရခြင်း၏ အကြောင်းရင်းများထဲတွင် နိုင်ငံရေးအပြောင်းအလဲများကို ပြည်သူပြည်သားများ မထိခိုက်စေဘဲ ချော့မွေ့ညင်သာစွာလုပ်ဆောင်နိုင်ခြင်းက အဓိကပါဝင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“နိုင်ငံတော်သမ္မတသစ်ရွေးချယ်ရာမှာ တရားဥပဒေနဲ့ကိုက်ညီစွာ ဖြစ်စေဖို့ ပြည်သူများ နှလုံးစိတ်ဝမ်းအေးချမ်းစေဖို့ အလေးထားဆောင်ရွက်ခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့ကိုက်ညီအောင် နိုင်ငံတော်သမ္မတဦးထင်ကျော်တာဝန်မှ နုတ်ထွက်တဲ့ မတ် ၂၁ ရက်မှစပြီး အလုပ်ရက် တစ်ပတ်အတွင်း အလုပ်ပြီးမြောက်စေဖို့ဆောင်ရွက်ရာမှာ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်တာဝန်ယူတဲ့ ဝန်ထမ်းများ၊ အခြားအစိုးရဌာနမှ ဝန်ထမ်းများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ အချိန်တိုအတွင်း အရေးကြီးကိစ္စရပ်များ အောင်မြင်စွာပြီးမြောက်အောင် လုပ်ဆောင်နိုင်ခြင်းဟာ နိုင်ငံ့ရဲ့ရင့်ကျက်တည်ငြိမ်ခြင်းကို ဖော်ဆောင်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတအဖြစ် ဦးဝင်းမြင့် ရွေးချယ်တင်မြှောက်နိုင်ခြင်းဟာ ဒီမိုကရေစီရင့်ကျက်တည်ငြိမ်ခြင်းကို ရောင်ပြန်ဟပ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်စဉ်ကာလအချိန်မှာပဲ ပါတီဝင်ဖြစ်လာပြီး ကိုယ်ရောစိတ်ပါ ကျွန်မတို့နိုင်ငံသူနိုင်ငံသားများ အကျိုးဖြစ်စေမယ့် ပါတီလုပ်ငန်းတာဝန်များကို အနိမ့်အမြင့်မရွေးဘဲ ပါတီလုပ်ငန်း ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း၊ ဦးဆောင်ဦး ရွက်ပြုသူတို့ရဲ့ ဂုဏ်ရောင်ဟာ အရည်အချင်း ပြည့်ဝတဲ့မျိုးဆက်သစ်တွေ မွေးထုတ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ကျွန်မတို့ ဒီမိုကရေစီလှုပ်ရှားမှုအတွင်းက ပေါ်ပေါက်လာတဲ့ နိုင်ငံ့တာဝန်များကို သီလ၊ သမာဓိ၊ ပညာနဲ့ ထမ်းဆောင်နိုင်မယ့် နိုင်ငံတော်သမ္မတအသစ်လို ဒုတိယမျိုး ဆက်လို့ခေါ်ဆိုရမယ့် လူများအတွင်းမှာ ခန့်အပ်နိုင်ခြင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တည်ထောင်ခဲ့တဲ့ခေါင်းဆောင်များသာမက ဒီမိုကရေစီလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ပထမမျိုးဆက်များအားလုံးရဲ့ ဂုဏ်ရောင်ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့တဲ့ အနားယူသွားသော သမ္မတကြီးဦးထင်ကျော်ကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြောပါရစေ။ နိုင်ငံ့တာဝန်များကို လက်ဆင့်ကမ်းရာမှာ လူဟောင်းလူသစ်နှစ်ဦး ဂုဏ်သိက္ခာရှိစွာလုပ်ဆောင်ခြင်းဟာ ပြည်သူကိုလေးစားရာ နိုင်ငံကို တန်ဖိုးထားရာ ရောက်တာကြောင့် ကျွန်မတို့အားလုံး နှစ်ထောင်းအားရဖြစ်ရပါတယ်။ သမ္မတကြီး ဦးဝင်းမြင့် ပြည်ထောင်စုလွှတ်တော်မှာ ကတိသစ္စာပြုပြီး မိန့်ခွန်းပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ကျွန်မတို့အစိုးရရဲ့ ဦးစားပေးရည်မှန်းချက် ပန်းတိုင်တွေဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူများရဲ့ လူမှုစီးပွားဘ၀ တိုးတက်မြင့်မားစေရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့  ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ကို ဦးတည်ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတာကိုပါ ပါတယ်။ ကျွန်မတို့ အစိုးရရဲ့ ဦးစားပေးဆောင်ရွက်မယ့်ကိစ္စတွေကိုလည်း ချပြသွားပါတယ်။ အကယ်၍ သေချာမဖတ်ကြသေးရင် ပြန်ပြီးတော့ဖတ်ကြပါ။ သမ္မတကြီးရဲ့မိန့်ခွန်းက အရေးကြီးပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့အပြင် မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် အတွက် မိမိတို့အစိုးရအနေဖြင့် စုပေါင်းအင်အားကို အလေးထားပြီး နိုင်ငံ၏စိန်ခေါ်မှုများကို ကျော်ဖြတ်ရန် သန္နိဋ္ဌာန်ချလိုက်ကြောင်း၊ မိမိတို့နိုင်ငံအတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်းရေးတည်ဆောက်ရာတွင်  စုပေါင်းအင်အားဟာ အဓိကဖြစ်ပြီး  တိုင်းရင်းသားများအကြား နှစ်ရှည်လများစွာဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိပက္ခများ ငြိမ်းအေးစေရန် အပြန်အလှန် လေးစားမှုက အခြေခံအုတ်မြစ်ဖြစ်၍ အဆိုပါအုတ်မြစ်ကို စုပေါင်းအင်အားဖြင့် ခိုင်မာအောင်ဆောက်တည်နိုင်ကြောင်း၊ ပြည်သူများက အစိုးရ၏ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို ပံ့ပိုးကူညီပေးစေချင်ကြောင်းနှင့် အထူးသဖြင့် ကျွန်မတို့အနာဂတ် အကျိုးမျှော်ကိုးပြီး လူငယ်များပါဝင်စေပြီး ပါဝင်နေကြမှုများကိုတွေ့ရသဖြင့် အင်မတန်မှ ဝမ်းသာကြောင်းပြောကြားခဲ့သည်။