မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေအရ စိန်ခေါ်မှုများရှိနေသော်လည်း ရင်းနှီးမြှုပ်နှံသူများကြားတွင် စိတ်ဝင်စားမှု ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း Oxford Business Group-OBG အယ်ဒီတာချုပ် ပြောကြား

မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေအရ စိန်ခေါ်မှုများရှိနေသော်လည်း ရင်းနှီးမြှုပ်နှံသူများကြားတွင် စိတ်ဝင်စားမှု ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း Oxford Business Group-OBG အယ်ဒီတာချုပ် ပြောကြား
Published 30 March 2018

မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေအရ စိန်ခေါ်မှုများရှိနေသော်လည်း ရင်းနှီးမြှုပ်နှံသူများကြားတွင် စိတ်ဝင်စားမှု ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း Oxford Business Group (OBG) ၏ အယ်ဒီတာချုပ် Oliver Cornock က ပြောကြားသည်။

နိုင်ငံတကာနှင့် ထိတွေ့မှုမရှိသေးသည့် ကြီးမားသော ပြည်တွင်းဈေးကွက်နှင့် များပြားလှသော သယံဇာတများ စသည့် မြန်မာနိုင်ငံ၏ အားသာချက်များကြောင့် စီးပွားရေးအခြေအနေအရ စိန်ခေါ်မှုများရှိနေသော်လည်း ရင်းနှီးမြှုပ်နှံမှုများကြားတွင် စိတ်ဝင်စားမှု ဆက်လက်မြင့်မားနေဆဲဖြစ်ကြောင်း Oxford Business Group (OBG) မှ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေနှင့်စပ်လျဉ်း၍ အစီရင်ခံစာအသစ် မိတ်ဆက်ပြီးချိန်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီထက်ပိုပြီး လုပ်စရာတွေရှိသေးပေမဲ့ မြန်မာနိုင်ငံက သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းကို သက်သေပြပြီးဖြစ်သလို နိုင်ငံရဲ့ဈေးကွက် အားသာချက်တွေလည်းရှိတာကြောင့် စီးပွားရေးခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံကို သတိထားမိမှာ အသေအချာပါပဲ” ဟု Oxford Business Group (OBG) ၏ အယ်ဒီတာချုပ် Oliver Cornock က ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၁၁၅ ဘီလျံကျော် ဝင်ရောက်ထားကြောင်း မတ် ၂၂ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မတ်လအကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၂၂၂ ခုကို ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၇၆ ဘီလျံကျော်နှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၇၁၇ ဘီလျံကျော်အထိရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်း ၄၀၀ ခန့် ခွင့်ပြုပေးခဲ့သည့်အတွက် ယခုဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းအမေရိကန်ဒေါ်လာ ၆ ဒသမ ၁၁၅ ဘီလျံကျော်ထိ ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုပေးရာတွင် လုပ်ငန်း၏စီးပွားရေးတွက်ခြေကိုက်မှု၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မှု၊ အမျိုးသားဝင်ငွေနှင့် အခွန်တိုးတက်ရရှိနိုင်မှု၊ ပြည်တွင်းပြည်ပ ဈေးကွက်အခြေအနေ၊ ပြည်တွင်းစားသုံးရန် လိုအပ်ချက်၊ နည်းပညာဆီလျော်မှု၊ တီထွင်ဆန်းသစ်မှု၊ နည်းပညာလွှဲပြောင်းရရှိမှု၊ ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုရေးထိခိုက်မှု ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်မှုအစီအမံများ၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုဖြစ်ခြင်းနှင့် တည်ဆဲဥပဒေများကိုလိုက်နာခြင်း စသည့်အချက်များကို အခြေခံ၍ စိစစ်ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ရင်းနှီးမြှုပ်နှံမှုကော်မတီများက ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာငါးသန်း သို့မဟုတ် ကျပ်သန်း ၆၀၀၀ အထိရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုပေးလျက်ရှိကြောင်း၊ လက်ရှိအချိန်၌ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တစ်နည်းအားဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ရုံးများကို ဖွင့်လှစ်ထားပြီဖြစ်သည်။

ဘဏ္ဍာနှစ်ကြားကာလဖြစ်သည့် လာမည့်ခြောက်လအတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အဓိကဝင်ရောက်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

“လက်ရှိအများဆုံးဝင်တာက ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေက ဒီခြောက်လအတွင်းမှာ ဒီကဏ္ဍသုံးခုက အဓိကဝင်ရောက်မယ်” ဟု ဦးအောင်နိုင်ဦးက သုံးသပ်ပြောကြားသည်။

Oxford Business Group (OBG) သည် အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အမေရိကတိုက်များမှ နိုင်ငံပေါင်း ၃၀ ကျော်တွင် လုပ်ငန်းများလုပ်ကိုင်နေသည့် နိုင်ငံတကာသုတေသနနှင့် အတိုင်ပင်ခံလုပ်ငန်းဖြစ်သည်။ ဇေယျာငြိမ်း