နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံထားရသော ရှေ့နေဦးဇော်ဝင်းအမှု စတင်စစ်ဆေး

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံထားရသော ရှေ့နေဦးဇော်ဝင်းအမှု စတင်စစ်ဆေး
Published 29 March 2018

ပြည်ကြီးတံခွန်မြို့နယ် တရားရုံးရှေ့တွင် ဖိနပ်ဖြင့်ပေါက်ခြင်း၊ မီဒီယာများအား ပြောကြားခဲ့မှုများသည် နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်သည်ဟုဆိုကာ ရှေ့နေဦးဇော်ဝင်းအား နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားသည့်အမှုကို မတ် ၂၈ ရက်တွင် စတင်စစ်ဆေးခဲ့သည်။

“ဦးဇော်ဝင်းသည် တရားရုံးကို ဖိနပ်ဖြင့်ပေါက်တာဟာ ဖိနပ်နဲ့တန်လို့ ဖိနပ်နဲ့ပဲပေါက်ရတာ။ ဗုံးရှိရင် ဗုံးနဲ့ပေါက်ချင်တယ်။ ဗုံးမရှိလို့ ဖိနပ်နဲ့ပေါက်ရတာ။ တရားစီရင်ရေးကို ဘယ်သူထိန်းကျောင်းမှာလဲ။ တရားစီရင်ရေး အထက်မှာ ဘယ်သူမှမရှိရဘူးလို့ပြောနေတဲ့ NLD အစိုးလက်ထက်မှာလည်း တရားစီရင်ရေးက ပရမ်းပတာ ဖြစ်နေတယ်။ မိမရှိဖမရှိ ကွပ်ကဲမယ့်သူမရှိဘူး ဖြစ်နေတယ်။ အဲဒါကြောင့်မို့ နိုင်ငံတော်ကို အသိပေးတယ် မလုပ်ဘူး။ ပြည်သူတွေ ဘယ်လောက်နစ်နာနေလဲ။ ၂၁ ရာစု ပင်လုံညီလာခံကို အားတင်နေလို့မရဘူး။ ပြည်တွင်းမှာလည်း တရားဥပဒေစိုးမိုးဖို့ လိုသေးတယ်။ ပြည်တွင်းမှာကျ ပစ်ထားတယ်။ မတတ်ရင်ထွက်။ တိုင်းပြည်လစာငွေကို အလကားသုံးနေတယ်” စသည့် ပြောကြားချက်များသည် နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်သည့် ပြစ်မှုဖြစ်သောကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အရေးယူ တရားစွဲရခြင်းဖြစ်ကြောင်း အဆိုပါ တရားရုံးမှ သိရသည်။

ရုံးချိန်းတွင် တရားလိုဖြစ်သူ ပြည်ကြီးတံခွန်မြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စိုးကို စစ်ဆေးခဲ့ကြောင်းသိရပြီး ဦးဇော်ဝင်း ကျန်းမာရေးအရ ဆက်လက် စစ်ဆေးနိုင်ခြင်းမရှိဘဲ ဧပြီ ၁၁ ရက်သို့ ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့ကြောင်း၊ ဦးဇော်ဝင်းကို စွဲဆိုထားသော အမှုအတွက် တရားလိုသက်သေ ခြောက်ဦးတင်သွင်းထားကြောင်း တရားရုံး သတင်းပြန်ကြားရေးအရာရှိ မြို့နယ်တရားသူကြီး ဒေါ်ခင်မာဦးက မီဒီယာများကို ဖြေကြားသည်။ ရုံးချိန်းတွင် ပြည်ထောင်စုလယ်သမား အလုပ်သမား အင်အားစုပါတီ လာရောက်ပြီး ဦးဇော်ဝင်းကို ရွှေရောင်ဖိနပ်များ လက်ဆောင်ပေးခဲ့ကြောင်း သိရသည်။