ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက NLD ပါတီဝင် အမျိုးသမီးတစ်ဦးကို နှစ်ရက်အတွင်း အမှုစစ်ဆေးကာ ထောင်ဒဏ်ချမှတ်ခဲ့မှုအပေါ် တရားမျှတမှု မရှိကြောင်း တရားလွှတ်တော်ရှေ့နေနှင့် မိသားစုဝင်တို့က သတင်းစာရှင်းလင်း

ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက NLD ပါတီဝင် အမျိုးသမီးတစ်ဦးကို နှစ်ရက်အတွင်း အမှုစစ်ဆေးကာ ထောင်ဒဏ်ချမှတ်ခဲ့မှုအပေါ် တရားမျှတမှု မရှိကြောင်း တရားလွှတ်တော်ရှေ့နေနှင့် မိသားစုဝင်တို့က သတင်းစာရှင်းလင်း
Published 27 March 2018

ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက တာဝန်ဝတ္တရား နှောင့်ယှက်မှု ပုဒ်မဖြစ်သည့် ပုဒ်မ ၂၂၈ ဖြင့် NLD ပါတီဝင် အမျိုးသမီးတစ်ဦးကို တရားစွဲဆိုခဲ့ပြီး နှစ်ရက်အတွင်းအမှုကို စစ်ဆေးကာ ထောင်ဒဏ်လေးလ ချမှတ်ခဲ့မှုအပေါ် တရားမျှတမှုမရှိကြောင်း အမှုအား လိုက်ပါဆောင်ရွက်ပေးခဲ့သည့် တရားလွှတ်တော်ရှေ့နေနှင့် မိသားစုဝင်တို့က မတ် ၂၆ ရက် မွန်းလွဲပိုင်းက မန္တလေးမြို့ရှိ မီဒီယာစင်တာ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းမှုတွင် အမှုအား လိုက်ပါဆောင်ရွက်ခဲ့ပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ခွင့် မရှိသည့်အပေါ် တရားလွှတ်တော်ရှေ့နေက ရှင်းလင်းပြောကြားခဲ့ပြီး ထောင်ဒဏ်ချမှတ် ခံထားရသည့် မဇာဇာထွန်း၏ ညီမဖြစ်သူ မသင်းအိလှိုင်နှင့် အမှုကို ကူညီဆောင်ရွက်ပေးနေသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုသိန်းအောင်မြင့် (MDCF) တို့က အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“အမှုဖြစ်စဉ်ကို ပြောရရင် အမှုစစ်ဆေးတာက ရုံးချိန်းအတွင်း မဟုတ်ဘဲ ရုံးဆင်းချိန်ဖြစ်တဲ့ ညနေ ၄ နာရီကျော်မှ အမှုကိုစစ်ဆေးပြီးတော့ အမိန့်ချမှတ်လိုက်တာ ဖြစ်တယ်။ တရားရုံးလက်စွဲ ဥပဒေမှာလည်း ပြဋ္ဌာန်းထားပါတယ်။ ရုံးချိန်ကို နံနက် ၁၀ နာရီကနေ ည နေ ၄ နာရီ အထိပဲဖြစ်တယ်။ ကျွန်တော်တို့ အမှုကို စွပ်စွဲခံရသူဟာ အမျိုးသမီး ဖြစ်နေတဲ့အတွက် အာမခံပေးဖို့အတွက် လျှောက်ထားခဲ့ပါတယ်။ စွဲဆိုထားတဲ့ ပုဒ်မဟာဆိုရင် ကိုယ်တိုင်ခံဝန်နဲ့ အာမခံပေးလို့လည်း ရပါတယ်။ ကိုယ်ပိုင်ခံဝန် မပေးချင်ဘူး ဆိုရင်လည်း အခြားအာမခံ ပေးနိုင်မယ့်သူ နှစ်ဦးကို ရှာပြီးတော့ အာမခံပေးလို့ရပါတယ်။ အမှုက ပထမနေ့ စစ်ဆေးတဲ့အချိန်မှာ ကျွန်တော်တို့ဘက်က နောက်ကျသွားတယ်ဆိုရင် ထားလိုက်တော့ ရတယ်။ နောက်တစ်ရက်မှာတော့ အာမခံလျှောက်ထားခဲ့တာကို ဥပဒေနဲ့အညီ အာမခံပေးရမယ်။ ဒါပေမဲ့ အာမခံမပေးခဲ့ပါဘူး။ ဥပဒေနဲ့မညီဘူးလို့ ပြောလို့ရတယ်။ တရားခံ တစ်ယောက်က အပြစ်ရှိတယ်၊ မရှိဘူးဆိုတာ ကျွန်တော်တို့ မပြောလိုဘူး။ အပြစ်ရှိရင် အပြစ်ရှိကြောင်း ပေါ်ပေါက်ချက်အရ ပြစ်ဒဏ်ချမှတ်ခံရမယ်။ ဒါပေမဲ့ တရားခံအတွက် ထုချေရှင်းလင်းခွင့် ဆိုတာကို ဥပဒေနဲ့အညီ ပေးသင့်တယ်။ ဒါပေမဲ့ မပေးခဲ့ဘူးဆိုတော့ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေတယ်။ တရားစီရင်ရေး စနစ်ကိုလည်း အများပြည်သူက ယုံကြည်မှု ကျဆင်းသွားနိုင်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ကျော်ဦးက ပြောကြားသည်။

“ဒီအမှုဟာ တရားမျှတမှုရှိလား။ မရှိဘူးလား ဆိုတာကတော့ တတ်သိနားလည်တဲ့သူတွေ သဘောပေါက်ပါတယ်။ ဒါပေမဲ့ မသိချင်ယောင် ဆောင်နေကြသူတွေလည်း ရှိနိုင်တယ်။ ကျွန်တော်တို့ မတရား ခံနေရတဲ့အတွက် ပြောစရာရှိတာကို ဆက်ပြောနေရမှာပဲ။ လူတစ်ယောက်ကို လွယ်လွယ်လေးနဲ့ ထောင်လေးလ ချပစ်လိုက်တယ်။ ကိုယ်ကိုယ်တိုင်လည်း သွားနေကြည့်ပါဦး။ ထိုက်တန်တဲ့ ပြစ်ဒဏ်ဆိုရင် ကျွန်တော်တို့က မပြောလိုဘူး။ အခုဟာက မတရားခံရတာ။ ဒီအမှုမှာ ဥပဒေနဲ့အညီ ခုခံချေပခွင့်ဆိုတာ ဘာတစ်ခုမှ မရခဲ့ဘူး။ အာမခံရဖို့အတွက် ရှေ့နေနဲ့တိုင်ပင်ပြီး လုပ်တော့လည်း သူတို့က အာမခံကို ပယ်လိုက်တယ်။ အစပိုင်းမှာ ရှေ့နေကိုတောင် ပေးမဝင်ခိုင်းဘူး။ နောက်တော့ ဝင်ခိုင်းတော့လည်း တရားခံနဲ့ ဘာမှပြောဆိုခွင့် မရခဲ့ဘူး။ ခုခံချေပခွင့်လည်း မရခဲ့ဘူး။ သူတို့လုပ်ရပ်ဟာ တစ်ဖက်သတ် လုပ်ချလိုက်တဲ့ ဥပဒေလို့ပဲ မြင်တယ်။ တရားမျှတမှု မရှိတဲ့အတွက် သက်ဆိုင်ရာ အဆင့်ဆင့်ကို တိုင်စာတွေ ပေးပို့ထားပါတယ်” ဟု ထောင်ဒဏ်လေးလ ချမှတ်ခြင်းခံထားရသည့် မဇာဇာထွန်း၏ညီမ မသင်းအိလှိုင်က ပြောကြားသည်။

ဖြစ်စဉ်မှာ မိသားစုချင်း ပြေလည်နေပြီ ဖြစ်သဖြင့် အမှုပိတ်သိမ်းပေးရန် မတ် ၁၄ ရက်က ပြည်ကြီးတံခွန်မြို့နယ် ဒုတိယတရားသူကြီး ဒေါ်ဖူးသက်ငုံထံသို့ လာရောက်ပြောဆိုခဲ့သည့် မဇာဇာထွန်းကို တာဝန်ဝတ္တရား နှောင့်ယှက်မှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး စတင်စွဲဆိုခံရသည့်နေ့မှာပင် အာမခံမရရှိဘဲ အချုပ်ဖြင့် အမှုရင်ဆိုင် ခဲ့ရကြောင်း၊ ယင်းနောက် မတ် ၁၅ ရက်တွင် အမှုကို ဆက်လက်စစ်ဆေးခဲ့ရာ အာမခံမရရှိဘဲ ထောင်ဒဏ်လေးလ ချမှတ်ခဲ့ကြောင်း၊ အမှုအား နှစ်ရက်အတွင်း စစ်ဆေးခဲ့ပြီး စွပ်စွဲခံရသူဘက်မှ ဥပဒေနှင့်အညီ ခုခံချေပခွင့် မရရှိခဲ့ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားချက်များအရ သိရသည်။

အဆိုပါ အမှုဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်က မတ် ၂၀ ရက်တွင် သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။