(၃၇) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းကို မြန်မာနိုင်ငံမှ ပယ်ချ

(၃၇) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းကို မြန်မာနိုင်ငံမှ ပယ်ချ
Published 26 March 2018

(၃၇) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက် အဆိုမူကြမ်းကို မြန်မာနိုင်ငံမှ ပယ်ချခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်တွင် မတ် ၂၃ ရက်တွင် ဂျီနီဗာမြို့၌ ကျင်းပခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၃၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဥရောပသမဂ္ဂ (အီး ယူ) မှ အဆိုပြုတင်သွင်းသည့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက် အဆိုမူကြမ်းတစ်ရပ်ကို အရေးယူဆောင်ရွက်ရန်အတွက် ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း၊ ယင်းသို့ ဆွေးနွေးရာတွင် အဆိုမူကြမ်းကို ဆုံးဖြတ်ခြင်းမပြုမီ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးထင်လင်းက မိန့်ခွန်းပြောကြားခဲ့ရာ၌ အဆိုမူကြမ်းအပါ မြန်မာနိုင်ငံအပေါ် ဝင်ရောက်စွက်ဖက်ရာရောက်သည့် စာပိုဒ်များ၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို တိုက်ရိုက်ခြိမ်းခြောက်ရာရောက်သည့် စာပိုဒ်များကို ထောက်ပြလျက်မူကြမ်းအား လက်မခံကြောင်းနှင့် ပြတ်သားစွာပယ်ချကြောင်း၊ ထို့ပြင် အကြောင်းအရာနှင့် အချက်အလက်လွဲမှားနေသည့် စာပိုဒ်များကိုလည်း ထောက်ပြခဲ့ပြီး မြေပြင်တွင်လက်တွေ့ ဖြစ်ပေါ်တိုးတက်မှုများကိုလည်း အသိပေးပြောကြားသည်။

ထို့ပြင် ထုတ်ပြန်ချက်တွင် မြန်မာအမြဲတမ်း ကိုယ်စားလှယ်အနေဖြင့် မိန့်ခွန်း ပြောကြားရာတွင် ဒီမိုကရေစီ သက်တမ်းနုနယ်သေးသည့် မြန်မာနိုင်ငံသည် ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအဖြစ်သို့ ရောက်ရှိရန် ကြိုးပမ်းရာတွင် စိန်ခေါ်မှုများကို ကြုံတွေ့ရလျက်ရှိကြောင်း၊ သို့ရာတွင် ယင်းစိန်ခေါ်မှုများကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေးတို့ အတွက် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းနေမှုများကို လမ်းလွဲသွားစေမည် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံသည် နိုင်ငံတကာ အသိုက်အဝန်း၏ အပြုသဘောဝေဖန်မှုများကို ကြိုဆိုသော်လည်း နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစေမည့် မည်သည့်ကြိုးပမ်းမှု မျိုးကိုမဆို လက်ခံနိုင်မည်မဟုတ်ကြောင်း၊ တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အထောက်အပံ့ဖြစ်စေမည့် အပြုသဘောဆောင်သော ချဉ်းကပ်မှုများအတွက် နိုင်ငံတကာနှင့်အတူ လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ဆိုသည်။

ဆက်လက်ပြီး လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် တစ်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်က အဆိုပါ ဆုံးဖြတ်ချက် အဆိုမူကြမ်းသည် မြန်မာနိုင်ငံ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် အထောက်အကူပြုစေမည် မဟုတ်သည့်အပြင် အခြေအနေကို ပိုမိုဆိုးရွားလာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ အဖွဲ့ဝင်နိုင်ငံ၏ လုပ်ပိုင်ခွင့်ကို ကျင့်သုံးလျက် အဆိုမူကြမ်းအားမဲခွဲရန် တောင်းဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် အဆိုမူကြမ်းအား အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်သည့် လူ့အခွင့်အရေး ကောင်စီတွင် မဲခွဲရာ ထောက်ခံမဲ ၃၂ မဲ၊ ကန့်ကွက် မဲငါးမဲ၊ ကြားနေမဲ ၁၀ မဲဖြင့် အတည်ပြုခဲ့ကြောင်း၊ တရုတ်၊ ဘရွန်ဒီ၊ ကျူးဘား၊ ဖိလစ်ပိုင်နှင့် ဗင်နီဇွဲလားနိုင်ငံတို့က မြန်မာနိုင်ငံဘက်မှ ရပ်တည်လျက် ကန့်ကွက်မဲပေးခဲ့ကြပြီး အန်ဂိုလာ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတ နိုင်ငံ၊ နီပေါ၊ တောင်အာဖရိက၊ ဂျပန်၊ ဆီနီ ဂေါ၊ ကင်ညာ၊ အီသီယိုးပီးယား၊ အီကွေံဒေါနှင့် မွန်ဂိုလီးယားနိုင်ငံတို့က အီးယူ၏ အဆိုမူကြမ်းအား ထောက်ခံခြင်းမပြုဘဲ ကြားနေမဲပေးခဲ့ကြကြောင်း ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent