ရွေးကောက်ခ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ်ထားသည့် ဒုတိယသမ္မတအား နိုင်ငံတော်သမ္မတ အရည်အချင်းနှင့် ပြည့်စုံမှု ရှိ မရှိ စိစစ်ရန် စိစစ်ရေးအဖွဲ့ ဖွဲ့စည်း

ရွေးကောက်ခ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ်ထားသည့် ဒုတိယသမ္မတအား နိုင်ငံတော်သမ္မတ အရည်အချင်းနှင့် ပြည့်စုံမှု ရှိ မရှိ စိစစ်ရန် စိစစ်ရေးအဖွဲ့ ဖွဲ့စည်း
Published 25 March 2018

နိုင်ငံတော်သမ္မတ အရည်အချင်းနှင့် ပြည့်စုံမှု ရှိ မရှိ စိစစ်ရေးအဖွဲ့ကို မတ် ၂၃ ရက် တွင် ဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စု လွှတ်တော်ရုံးက အမိန့်ကြော်ငြာစာ ထုတ်ပြန်သည်။

ပြည်ထောင်စုလွှတ်တော်ရုံး၏ ထုတ်ပြန်ချက်အရ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေနှင့်အညီ ရွေးကောက်ခံပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်တင်မြှောက်သည့် ဒုတိယသမ္မတအား နိုင်ငံတော်သမ္မတ အရည်အချင်းနှင့် ပြည့်စုံမှု ရှိ မရှိ စိစစ်နိုင်ရန် စိစစ်ရေးအဖွဲ့ကို အဖွဲ့ဝင် ခုနစ်ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဆိုပါစိစစ်ရေးအဖွဲ့ဝင်များမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ပုလဲမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဗိုလ်ချုပ်သန်းစိုးတို့ ပါဝင်သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် မတ် ၂၁ ရက်တွင် သမ္မတတာဝန်မှ နုတ်ထွက်သွားသောကြောင့် ၎င်းနေရာမှာ လစ်လပ်လျက် ရှိသည်။

ထို့ကြောင့် သမ္မတတစ်ဦးအား ရွေးချယ်တင်မြှောက်နိုင်ရန် ယခင် ဦးထင်ကျော်အား သမ္မတအဖြစ် ရွေးချယ်ခြင်းမပြုမီ ဒုတိယသမ္မတအဖြစ် ရွေးချယ်ပေးခဲ့သည့် ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က မတ် ၂၃ ရက်တွင် အစည်းအဝေးပြုလုပ်ကာ ဒုတိယသမ္မတတစ်ဦးအား ထပ်မံရွေးချယ်ပေးခဲ့သည်။

ထိုသို့ရွေးချယ်ရာတွင် NLD ပါတီဝင် တာမွေမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် (ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဟောင်း) နှင့် ပြည်ခိုင်ဖြိုးပါတီဝင် ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးတို့အား သက်ဆိုင်ရာ ပါတီကိုယ်စားလှယ်တစ်ဦးစီက ဒုတိယသမ္မတလောင်းများအဖြစ် အဆိုပြုတင်သွင်းခဲ့သဖြင့် လျှို့ဝှက်ဆန္ဒမဲလက်မှတ်အသုံးပြု၍ မဲခွဲဆုံးဖြတ်ရာ၌ ထောက်ခံမဲများသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်အား ဒုတိယသမ္မတအဖြစ် ရွေးချယ်ခဲ့သည်။

ထို့အတူ နိုင်ငံတော်သမ္မတ အရည်အချင်းနှင့် ပြည့်စုံမှုရှိ မရှိ စိစစ်ရန် စိစစ်ရေး အဖွဲ့ဝင်အဖြစ် ရွေးကောက်ခံပြည်သူ့လွှတ် တော်ကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်ရာတွင် NLD ပါတီဝင် ပုလဲမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နှင့် ပြည်ခိုင်ဖြိုးပါတီဝင် မောက်မယ်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင် ဟိန်းတို့အား သက်ဆိုင်ရာပါတီ ကိုယ်စားလှယ်တစ်ဦးစီက အဆိုပြုခဲ့သဖြင့် စက်ခလုတ် အသုံးပြုကာ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲများသော ဒေါ်ခင်စန်းလှိုင်အား စိစစ်ရေးအ ဖွဲ့ဝင်အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

အလားတူ စိစစ်ရေးအဖွဲ့တွင်ပါဝင်မည့်  ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ် စားလှယ်တစ်ဦးရွေးချယ်ရာတွင် NLD ပါတီဝင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် (၄) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်အား သက်ဆိုင်ရာပါတီကိုယ်စားလှယ်တစ်ဦးက အဆိုပြုခဲ့ပြီး အခြားယှဉ်ပြိုင်ဘက် ကိုယ်စားလှယ်မရှိသဖြင့် ၎င်းအား ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။